.
ဗြိတိန်နိုင်ငံမှ သနားစရာ ကလေးငယ်တစ်ဦးသည် ဦနှောက်အမြှေးရောင်ရောဂါနှင့် အသက်လုရင်ဆိုင်ခဲ့ရပြီးနောက် ခြေထောက်နှင့် လက်များကို ဖြတ်တောက်ကုသလိုက်ရကြောင်း သိရှိရသည်။ (၄)နှစ်အရွယ် ယောက်ျားလေး ဟာလီဆလက်ခ်သည် ညဘက်တွင် လည်ချောင်းအလွန်နာပြီး ကိုယ်အလေးချိန် အပြင်းအထန် တက်လာပြီးနောက် ၎င်း၏ မိဘနှစ်ပါးက တော်ဝင်မန်ချက်စတာ ကလေးဆေးရုံးသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်။ ယခုသီတင်းပါတ် အစောပိုင်းက ဆေးရုံသို့ရောက်ရှိလာသည့် ဟာလီ၏ အခြေအနေမှာ အလွန်စိုးရိမ်ရသဖြင့် ဆရာဝန်များက အရေးပေါ်ကုသမှုများ ပြုလုပ်ပေးနေစဉ်မှာပင် နှလုံးခုန်မှု (၃)ကြိမ်ရပ်သွားသေးကြောင်း သိရသည်။
(သနားစရာ ကလေးငယ် ဟာလီဆလက်)
ဟာလီ၏ မိဘနှစ်ပါးဖြစ်သည့် အဒမ်နှင့် ဆမန်သာတို့သည် ၎င်းတို့၏သားငယ်အား စွန့်လွှတ်လိုက်ရပြီဟုပင် ထင်မှတ်မိခဲ့ကြောင်း ၀န်ခံခဲ့သည်။ Stockportတစ်ခုတွင် မန်နေဂျာအဖြစ် ဆောင်ရွက်နေသည့် အသက်(၂၀)အရွယ် ဖခင်ဖြစ်သူ အဒမ်က “ကျွန်တော့်သားလေးဟာ သေရွာက ပြန်ခဲ့ရတာပါ။ သူ့အတွက် အသက်ရှင် ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းတို့အနေနှင့် ဟာလီဆလက်ခ် ရံပုံငွေအဖွဲ့ကို ထူထောင်ကာ ကလေးငယ်၏ အနာဂတ်အတွက် ပြင်ဆင်သွားမည်ဟု မိဘများက ပြောဆိုသွားသည်။ ယခုပင်လျင် မိတ်ဆွေများနှင့် ဆွေမျိုးများက ရံပုံငွေအတွက် စုပေါင်းထည့်ဝင်နေပြီဖြစ်ကြောင်း စားဖိုမှူးတစ်ဦးဖြစ်သော အသက်(၂၃)နှစ်အရွယ် မိခင်ဖြစ်သူ ဆမန်သာကဆိုသည်။
(ဟာလီနှင့် မိဘနှစ်ပါး)
၎င်းတို့သည် ဟာလီလေးအတွက် သင့်လျော်သော ခြေတုလက်တုများ ၀ယ်ယူတပ်ဆင်ပေးရန် အဓိကထား ရည်မှန်းထားကြောင်း ဆမန်သာက ပြောကြားခဲ့သည်။ ဟာလီသည် ဦနှောက်အမြှေးရောင်ရောဂါ ဘက်တီးရီးယားများကြောင့် ကိုယ်တွင်းရှိ သွေးလှည့်စနစ် ရပ်တန့်သွားကာ တစ်ကိုယ်လုံးတွင် သွေးခဲနေသည့် အကွက်ကြီးများ ပေါ်လာခဲ့ကြောင်း အဒမ်က ပြောပြခဲ့သည်။ နောက်ပိုင်းတွင် ဟာလီ၏ သွေးစီးဆင်းမှုကို ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ခြေလက်များကို ဖြတ်ပစ်ခဲ့ရကြောင်း ဆေးရုံမှ ဆရာဝန်များက ပြောကြားခဲ့သည်။ ကလေးငယ်၏ ဦးနှောက်အထိ ရောဂါပိုးများ ပြန့်နှံ့ခဲ့ခြင်း မရှိသေး၍သာ အသက်ရှင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါတွင် ဟာလီ၏ မိသားစုသည် ကလေးငယ်၏ ရံပုံငွေအတွက် ပေါင်တစ်သိန်းခန့် ရှာဖွေလျက်ရှိပြီး အဒမ်၏ မိတ်ဆွေတစ်ဦးက ဟာလီစီး၍ အဆင်ပြေနိုင်အောင် ဖန်တီးထားသည့် စက်ဘီးတစ်စင်း ၀ယ်ယူပေးရန် စီစဉ်လျက်ရှိသည်။ ဟာလီသည် မန်ချက်စတာဆေးရုံတွင် တစ်နှစ်မျှ ဆက်လက်နေထိုင်ရဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင်မူ ၎င်းကို အိမ်ပြန်ခေါ်ကာ သာမန်ဘ၀မျိုးဖြင့် ချမ်းမြေ့ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ကူညီပေးသွားမည်ဟု မိဘနှစ်ပါးက သတင်းထောက်များထံသို့ ပြောဆိုသွားသည်။
0 comments:
Post a Comment