ဆေးလိပ်သောက်သည့် အမျိုးသမီးများ အမျိုးသားများထက် ကျန်းမာရေးပိုမိုထိခိုက်နိုင်

.
Posted on Jun 03 09 ဆေးလိပ်သောက်သည့် အမျိုးသမီးများ အမျိုးသားများထက် ကျန်းမာရေးပိုမိုထိခိုက်နိုင်



ဆေးလိပ်သောက်သူ အမျိုးသမီးများသည် အမျိုးသားများထက် သေစေနိုင်သည့် ရောဂါများ ရရှိရန် ပိုမိုနီးစပ်ကြောင်း သုတေသန စစ်တမ်းများအရ သိရှိရသည်။ သုတေသီများက ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အဆုတ်ကင်ဆာ အပါအ၀င် မလိုလားအပ်သည့် ဆိုးကျိုးများသည် အမျိုးသားများထက် အမျိုးသမီးများအပေါ် သက်ရောက်မှု ပိုမိုများပြားကြောင်း ပြောဆိုခဲ့ကြသည်။ အမျိုးသမီးငယ်များသည် စီးကရက် အနည်းငယ်မျှ သောက်လျင်ပင် စီးကရက် အတော်များများ သောက်လေ့ရှိသည့် အမျိုးသားများထက် ကင်ဆာဖြစ်နိုင်ခြေ တိုးတက်လာကြောင်း ဆရာဝန်များက အတည်ပြု ပြောဆိုခဲ့သည်။ အဆုတ်ကင်ဆာသာမက အခြားကင်ဆာများ ဖြစ်လာနိုင်သော လက္ခဏာများ သိသိသာသာ တိုးလာတတ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ စိန့်ဂါလန်ကာတန်ဆေးရုံမှ သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာမာတင်ဖရုက ရှင်းပြခဲ့သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ဆေးလိပ်နှင့် စီးကရက်တွင် ပါရှိတတ်သော ဓာတုပစ္စည်းများ၊ ကာစီနိုဂျင်ဓာတ်ပေါင်းများနှင့် ဆေးရွက်ကြီးများမှ မလိုလားအပ်သော အာနိသင်များသည် အမျိုးသားများထက် ပိုမိုသက်ရောက်တတ်ကြောင်း ဒေါက်တာဖရုက ဆိုသည်။ အထူးသဖြင့် သမားရိုးကျ အဆုတ်ကင်ဆာ ရောဂါတစ်မျိုးဖြစ်သော adenocarcinomaဖြစ်နိုင်ခြေ သိသာစွာ များပြားလာကြောင်း ဒေါက်တာဖရုက သတိပေးခဲ့သည်။ ၎င်းဦးဆောင်သော သုတေသနအဖွဲ့သည် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၅)ခုနှစ်အတွင်း အဆုတ်ကင်ဆာ ဝေဒနာရှင် (၆၈၃)ဦး၏ မှတ်တမ်းများကို အသေးစိတ်လေ့လာပြီး ယခုကောက်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုရလဒ်ကြောင့်လည်း အမျိုးသမီးများအနေနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကို ရှောင်ကြဉ်ရန် အကြံပြုလိုကြောင်း ဒေါက်တာဖရုက ဆက်လက်ပြောကြားခဲ့သည်။ အဆုတ်ကင်ဆာသည် ယောက်ျားများတွင်သာ ဖြစ်လေ့ရှိသည့် ရောဂါတစ်မျိုး မဟုတ်သည်ကို သတိပြုသင့်ကြောင်း၊ ဆေးလိပ်သောက်ခြင်း၏ အကျိုးဆက်အဖြစ် ရင်သားကင်ဆာကဲ့သို့ ဝေဒနာများကိုလည်း အမျိုးသမီးများ တွေ့ကြုံနိုင်ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဥရောပအထွေထွေ ရောဂါကုထုံးဆိုင်ရာ ညှိနှိုင်းအဖွဲ့မှ ဒေါက်တာအန်ရစ်ကွင်တာ ဖီးလစ်က ပြောကြားခဲ့သည်။ သူမက ဆေးလိပ်နှင့် စီးကရက်ကို စွဲမြဲစွာသောက်လေ့ရှိသူ အမျိုးသမီးများအတွက် ကင်ဆာရောဂါများ၏ ခြိမ်းခြောက်မှုသည် မဖြစ်မနေ သတိပြုသင့်သည့် အတိုင်းအတာထိ တိုးပွားလာနေကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။

http://www.planet.com.mm/news/read.cfm/id/12643



0 comments: