A/H1N1 တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါဖြစ်ရန် နီးကပ်လာနေပြီဟု WHO သတိပေး


Posted on Jun 03 09

ဇွန်လ(၂)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အစည်းအဝေးတွင် A/H1N1တုပ်ကွေးသည် ကမ္ဘာ့ကပ်ရောဂါအသွင် တစထက်တစ နီးကပ်လာနေကြောင်း အဖွဲ့ကြီး၏ လုပ်ငန်းဆိုင်ရာ အထောက်အပံ့ ဒါရိုက်တာ ကီဂျာဖူကူဒါက သတိပေး ပြောကြားလိုက်သည်။ အဆိုပါ တုပ်ကွေးရောဂါသည် ဩစတြေးလျ၊ ဗြိတိန်၊ ချီလီ၊ ဂျပန်နှင့် စပိန်နိုင်ငံများတွင် လျင်မြန်စွာ ပြန့်ပွားနေသလို ကမ္ဘာ့ဒေသ အသီးသီးသို့လည်း ကူးစက်ရောက်ရှိနေကြောင်း ဖူကူဒါက ဆိုသည်။

WHO

(WHOမှ ဒါရိုက်တာကီဂျာဖူကူဒါ)

လက်ရှိအချိန်တွင် အဆိုပါ တုပ်ကွေးကို ကူးစက်ရောဂါ အဆင့်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည့် အဆင့်(၅)အဖြစ် သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လျင်မြန်စွာ ပြန့်နှံ့နေခြင်းကြောင့် ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်သော နံပါတ်(၆)အထိ ရောက်ရှိရန် နီးစပ်လာကြောင်း ဒါရိုက်တာက ရှင်းလင်းပြောကြားခဲ့သည်။ “တစ်ကမ္ဘာလုံးက ဒီဗိုင်းရပ်စ်ကို အဆင့်(၅)နဲ့ ထိန်းထားနိုင်မယ်လို့ ယုံကြည်နေကြတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် အဆင့်(၆)နဲ့ အရမ်းနီးနေပါပြီ”ဟု ဖူကူဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ အဆိုပါ A/H1N1ဗိုင်းရပ်စ်သည် အသက်(၆၀)အောက် လူငယ်ပိုင်းတွင် အဖြစ်များပြီး ရာသီပေါ် တုပ်ကွေးထက်လည်း ကူးစက်နှုန်း ပိုမိုမြန်ဆန်သည်။

A/H1N1 Map

(WHOမှ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်သည့် ကမ္ဘာတဝှမ်း A/H1N1တုပ်ကွေး ဖြစ်ပွားမှုပြမြေပုံ)

ထိုတုပ်ကွေးကြောင့် သေဆုံးသူဦးရေမှာ ဇွန်လ(၂)ရက်နေ့အထိ (၁၁၇)ဦး ရှိလာကြောင်း WHOက ကြေညာခဲ့သည်။ ဖူကူဒါက တုပ်ကွေး၏ ပြန့်နှံ့မှုနှုန်းသည် ဆက်လက်မြန်ဆန်နေဆဲဖြစ်ပြီး ကမ္ဘာ့နိုင်ငံ (၆၄)နိုင်ငံမှ လူဦးရေ (၁၉၀၀၀)ကျော် ကူးစက်ခံထားရပြီးဖြစ်သည်။ “ကျွန်တော်တို့ အခြေအနေကို စောင့်ကြည့်နေသလို ကမ္ဘာ့တုပ်ကွေးအဆင့်ထိ သတ်မှတ်သင့်ပြီဆိုတာ သေချာစေမယ့် အထောက်အထားတွေ ဆက်ပြီးစုဆောင်းနေပါတယ်။ ခုချိန်မှာ အမျှတဆုံးဖြစ်အောင် ပြောနိုင်တာကတော့ အဆင့်(၆)ထိ သတ်မှတ်ဖို့ မလိုအပ်သေးဘူးလို့ ယုံကြည်ရတယ် ဆိုတာပါပဲ”ဟု ဖူကူဒါက ပြောဆိုသွားသည်။



0 comments: