အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြောက်ကိုရီးယားဗဟိုတရားရုံးမှ ထောင်ဒဏ်ချမှတ်


Posted on Jun 08 09
အမေရိကန်ဂျာနယ်လစ်နှစ်ဦးအား မြောက်ကိုရီးယားဗဟိုတရားရုံးမှ ထောင်ဒဏ်ချမှတ်



မြောက်ကိုရီးယား ဗဟိုတရားရုံးက နိုင်ငံအတွင်း ခိုးဝင်လာသည်ဆိုသော စွဲချက်ဖြင့် အမေရိကန် အမျိုးသမီး ဂျာနယ်လစ်နှစ်ဦးအား ထောင်ဒဏ်(၁၂)နှစ်စီ ချမှတ်လိုက်ကြောင်း သိရှိရသည်။ မြောက်ကိုရီးယား အစိုးရပိုင် CANသတင်းဌာနက အဆိုပါ အမျိုးသမီးနှစ်ဦးအား ဗဟိုတရားရုံးက အထက်ပါပြစ်ဒဏ်အား ဇွန်လ(၈)ရက်နေ့တွင် ချမှတ်လိုက်သည်ဟု အတည်ပြု ဖော်ပြခဲ့သည်။ ထိုလုပ်ရပ်သည် မြောက်ကိုရီးယားတို့ မေလ(၂၅)ရက်နေ့က နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့သဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလာမှုကို ပိုမိုဆိုးရွားလာစေခဲ့သည်။ နိုင်ငံတကာ အကဲခတ်များက ပြုံယမ်းအစိုးရသည် ၎င်းအပေါ် ကျရောက်လာသည့် အမေရိကန်နှင့် ကုလသမဂ္ဂ၏ ဖိအားများကို ယခုနည်းဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။ အသက်(၃၂)နှစ်အရွယ် လော်ရာလင်းနှင့် (၃၆)နှစ်ရှိ အူနာလီးတို့သည် (၅)ရက်မျှသာ ကြားနာစစ်ဆေးမှု ခံယူရပြီး ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်သည်။ CAN၏ ဖော်ပြချက်အရ အမျိုးသမီး(၂)ဦးသည် မတ်လ(၁၉)ရက်နေ့က တရုတ်နိုင်ငံ နယ်စပ်အနီးတွင် တရားမ၀င် ခိုးဝင်လာကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်ဟု သိရှိရသည်။ တစ်ဦးစီကို ထောင်ဒဏ်(၁၂)နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းဌာနက ဖော်ပြခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားသွားခြင်း မရှိပေ။ တရားရုံးတော်က ထိုသတင်းထောက် (၂)ဦးလုံးအား ပြန်လည်ပြုပြင်ရေး စခန်းဟု အမည်ပေးထားသည့် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ သတင်းထောက် (၂)ဦးသည် ယခင် အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးပိုင်ဆိုင်သည့် Currentရုပ်မြင်သံကြား ဌာနမှဖြစ်ပြီး ယခုအခါ သက်ဆိုင်ရာ ဌာနက မြောက်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းပြီး သတင်းထောက် အမျိုးသမီး(၂)ဦး ပြန်လည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။



0 comments: