ငါးပတ်တစ်ကောင်၏ဗိုက်ထဲမှ ကျားပေါက်နှင့်တူသော အကောင်လေး ၃ ကောင်ကို ချက်ကြိုးတန်းလန်းဖြင့် အန်ထုတ်ခဲ့သည့်ဖြစ်ရပ်တစ်ခု ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် သစ်တိုဆိပ်ကျေးရွာအုပ်စုတွင် ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ယင်းငါးပတ်မှာ သုတ်ထောင်ရာမှ ဖမ်းမိသောငါးဖြစ်ပြီး ငါး၏၀မ်းဗိုက်ထဲမှ ကျားပေါက်လေးများကို စတင်တွေ့ရှိသူမှာ သစ်တိုဆိပ်ကျေးရွာအုပ်စု ခနောင်ကျေးရွာတွင်နေသော မမိုးသူဖြစ်သည်ဟု သိရသည်။ ယင်းနေ့တွင် ဆွမ်းလှည့်ကျသဖြင့် မမိုးသူသည် ယောက္ခမဖြစ်သူဖြုတ်ပေးထားခဲ့သော သုတ်ထဲမှ တစ်ပိဿာနှစ်ဆယ်ခန့်အလေးချိန်ရှိသော ငါးပတ်ကို ဆွမ်းချက်ရန်အတွက် ခေါင်းကိုထုပြီးနောက် ထမင်းအိုးငှဲ့ရန်အတွက် အိမ်ပေါ်သို့တက်သွားခဲ့ပြီးပြန်အဆင်းတွင် အဆိုပါငါး၏ပါးစပ်ထဲမှ အကောင်လေးများအန်ထွက်နေသည်ကို မြင်ရခြင်းဖြစ်သည်ဟုသိရသည်။
ငါးပတ်၏ပါးစပ်ထဲမှအန်ထုတ်ခဲ့သော ကျားပေါက်နှင့်တူသည့်အကောင်လေးများမှာ တစ်ကောင်ချင်းစီတွင် ချက်ကြိုးတစ်ခုစီဖြင့် ထွက်လာခြင်းဖြစ်ပြီး သားအိမ်နှင့်တူသောအရာတစ်ခုကိုလည်း ငါးက နောက်ဆုံးတွင် အန်ထုတ်ခဲ့သေးကြောင်း မျက်မြင်တွေ့ရှိသူများ၏ပြောပြချက်အရ သိရသည်။
ယင်းအကောင်လေးများမှာ ကိုယ်ထည်လုံးပတ် ၁ လက်မခွဲ၊ ခေါင်းမှအမြီးထိ အရှည် ၇ လက်မခွဲစီရှိ၍ အထီး ၂ ကောင်၊ အမ ၁ ကောင်ဖြစ်သည်။ ငါး၏ပါးစပ်ထဲမှ အန်ထုတ်ပြီးစအချိန်တွင် လှုပ်နေသေး၍ အသက်ရှိနေသေးသည်ဟုထင်ရပြီး အတော်ကြာသည့်အချိန်မှ ငြိမ်သက်သွားခဲ့ခြင်းဖြစ်သည်ဟု မမိုးသူကပြောကြားခဲ့ကြောင်း သိရသည်။ ယင်းအကောင်လေးများကို မူလက ကြောင်ပေါက်လေးများဟုထင်သော်လည်း ယင်းအကောင်လေးများတွင် ခြေသည်း၊လက်သည်းများထွက်နေခြင်း၊ ကြောင်ကဲ့သို့ နှာခေါင်းရိုးမပေါ်ဘဲ နှာခေါင်းလန်နေခြင်း၊ မျက်လုံးဘေးထောင့်တွင် မျက်ကွင်းများပါနေခြင်း၊ ကြောင်တွင် ချက်မပါသော်လည်း ယင်းအကောင်လေးများတွင် ချက်ကြိုးနှင့် ချက်ပါနေခြင်းတို့ကြောင့် ကျားပေါက်လေးများဟု သတ်မှတ်ခြင်းဖြစ်ပြီး ချက်ကြိုးများနှင့် သားအိမ်ကဲ့သို့ပစ္စည်းပါ ပါလာခြင်းကြောင့် မျိုထားခြင်းမဖြစ်နိုင်ဘဲ သန္ဓေတည်ခြင်းမျိုးသာဖြစ်နိုင်သည်ဟု ထင်မြင်ကြကြောင်း သစ်တိုဆိပ်ကျေးရွာအုပ်စုနေ ဒေသခံများကပြောကြားခဲ့သည်ဟု သိရသည်။
Written By - အိဖြူလွင်
http://www.planet.com.mm/news/read.cfm/id/12891
0 comments:
Post a Comment