အရက်မရောင်းလို့ စတိုးဆိုင်ကို ကားဖြင့်ဝင်တိုက်


Posted on May 22 09
အရက်မရောင်းလို့ စတိုးဆိုင်ကို ကားဖြင့်ဝင်တိုက်



မေလ(၂၀)ရက်နေ့က ၎င်းအားအရက်ရောင်းရန် ငြင်းဆန်ခဲ့သည့် စတိုးဆိုင်အား မော်တော်ကားဖြင့် ၀င်တိုက်ခဲ့သော လူတစ်ဦးအား ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ Tescoစတိုးဆိုင်ကြီးအား အဆိုပါ အသက်(၅၀)အရွယ်ပုဂ္ဂိုလ်က ၎င်း၏ရိုးရွိုက်စ်ကားဖြင့် ၀င်တိုက်ခဲ့သဖြင့် စတိုးဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသမီး(၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ငွေရှင်းကောင်တာနှစ်ခုမှာလည်း သုံးမရအောင် စုတ်ပြတ်သွားကြောင်း ရဲများကဆိုသည်။ အဆိုပါပုဂ္ဂိုလ်သည် အရက်မူးနေပြီး ဆိုင်အတွင်းသို့ ၀င်လာကာ အရက်လာဝယ်ကြောင်း၊ စတိုးဆိုင်မှ ၀န်ထမ်းများက ၎င်းအားအရက်ရောင်းရန် ငြင်းဆန်ခဲ့သဖြင့် ယခုလို ကလဲ့စားချေခြင်းဖြစ်ကြောင်း စတိုးဆိုင် တာဝန်ရှိသူများကဆိုသည်။ ထိုသူသည် ကားပါကင်သို့ ပြန်သွားကာ ပထမအကြိမ် ဆိုင်ကိုဝင်တိုက်ရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ချေ။



(စတိုးဆိုင်တွင်း ရောက်နေသည့် မော်တော်ကား)

ထို့ကြောင့်လည်း ကားကိုနောက်ဆုတ်ကာ ဆိုင်မှန်ပြူတင်းပေါက်ကို ထိုးခွဲပျက်စီးနိုင်သည်အထိ အရှိန်ပြင်းစွာ မောင်းဝင်လာခဲ့ကြောင်း ဆိုင်ဝန်ထမ်းများက ပြန်လည်ပြောပြခဲ့ကြသည်။ ဟမ့်ရှိုင်းယားတွင် ညနေ(၄)နာရီခွဲခန့်က ဖြစ်ပျက်ခဲ့သည့် အဆိုပါရမ်းကားမှုကြောင့် ဆိုင်လုပ်သားများ၊ မိဘများနှင့် ကလေးများ၊ အခြားသူများအားလုံး အကာအကွယ်များနောက်တွင် ၀င်ရောက် ပုန်းကွယ်ခဲ့ကြသည်။ စတိုးဆိုင်အား မော်တော်ကားနှင့် ၀င်တိုက်မှုဖြစ်ပွားပြီးနောက် လူနာတင် ရဟတ်ယာဉ်(၁)စင်း၊ လူနာတင်ကား(၆)စင်းနှင့် မီးသတ်ကား(၃)စင်းတို့သည် အခင်းဖြစ်ရာသို့ ရောက်ရှိလာခဲ့ကြသည်။ ဒဏ်ရာရသူ(၆)ဦးကို နီးစပ်ရာဆေးရုံများသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင်တစ်ဦးပါဝင်ကြောင်း သိရှိရသည်။ အရက်မူးပြီး စတိုးဆိုင်ကို ၀င်တိုက်ခဲ့သူသည် ရဲများရောက်လာချိန်ထိ ကားထဲတွင်သာ ရှိနေခဲ့ပြီး ဆေးဝန်ထမ်းများက ၎င်းအား အောက်စီဂျင်ပေးပြီး ခေါ်ထုတ်သွားသည်။ အဆိုပါပုဂ္ဂိုလ်အား အရက်မူးပြီး ကားမောင်းမှု၊ လူသတ်ရန် ကြံစည်မှုများနှင့် တရားစွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။



0 comments: