တရုတ်နိုင်ငံ တိဘက်ဒေသတစ်ခုတွင် ကြက်၊ငှက်တုပ်ကွေး(H5N1) ပြန်လည်ဖြစ်ပွားနေကြောင်း တရုတ်အစိုးရက ကြေညာလိုက်သည်။ ကွင်ဟိုင်းဒေသတွင် H5N1ကြက်တုပ်ကွေး ဖြစ်ပွားနေပြီး ထိုဒေသအတွင်းရှိ ငှက်များ တုပ်ကွေးကြောင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဒေသအတွင်းသို့ ၀င်ရောက်ခွင့်များကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက မေလ(၁၉)ရက်နေ့တွင် ကြေညာခဲ့သည်။ မသင်္ကာဖွယ် သေဆုံးနေသော တောရိုင်းငှက် (၁၂၁)ကောင်ထက်မနည်းကို ဂွန်ဟီးခရိုင်၊ ဂန်ဂါဟိုင်ရေအိုင်အနီး တွေ့ရှိခဲ့ပြီးနောက် တိဘက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက မေလ(၈)ရက်နေ့မှစပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မေလ(၁၇)ရက်နေ့တွင် ထိုငှက်များသည် ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးခဲ့ခြင်းဟု ဖော်ထုတ်နိုင်ခဲ့သည်။ ထိုရောဂါသည် ရာသီအလိုက် ရွှေ့ပြောင်းအစာရှာကြသည့် ငှက်များမှတဆင့် ပါလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများကဆိုသည်။ အနီးတ၀ိုက်ရှိ ကြက်ခြံများတွင်မူ ရောဂါကူးစက်သည့် အရိပ်လက္ခဏာများ မတွေ့ရသေးကြောင်း ဂွန်ဟီးခရိုင် မွေးမြူရေးဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ မေလ(၁၉)ရက်နေ့တွင် ဂန်ဂါဟိုင်ရေကန်ကြီးနှင့် (၁၅)ကီလိုမီတာမျှ ကွာဝေးသော တန်ဂီမူမြို့သို့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ၊ ရောဂါထိန်းချုပ်မှု ကျွမ်းကျင်သူများနှင့် ရဲများ ရောက်ရှိလာပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။ မြို့အတွင်းရှိ လယ်သမားတစ်ဦးဖြစ်သည့် ဒူကာဆိုသူက အာဏာပိုင်များသည် ၎င်း၏ အိမ်နီးချင်း တစ်ဦးမွေးထားသော ကြက်များအားလုံးကို သတ်ပစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် တစ်အိမ်တက်ဆင်းဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ ပြန်လည်ဖြစ်ပွားသည့် အခြေအနေများ တွေ့မြင်နေရကြောင်း သတိပေးခဲ့သည်ဟု ဒူကာကဆိုသည်။ ယူလ်လာသိုင်ဆိုသည့် လယ်သမားတစ်ဦးကလည်း မေလ(၁၈)ရက်နေ့က ၎င်းအိမ်နှင့် မနီးမဝေးတွင် စာကလေးအသေ နှစ်ကောင်တွေ့ခဲ့ပြီး ထိုငှက်များသည် ကြက်ငှက်တုပ်ကွေးဖြင့် သေဆုံးရခြင်းဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ရွှေ့ပြောင်းငှက်ကောင်ရေ (၁၀၀၀)ကျော်မျှသည် (၁၃၃)ဟက်တာ ကျယ်ဝန်းပြီး ရွှံ့ညွံစိမ့်စမ်းများ ပေါများသည့် အဆိုပါဒေသတွင် ဆက်ရှိနေကြဆဲဖြစ်ကြောင်း သိရှိရသည်။
http://www.planet.com.mm/news/read.cfm/id/12530
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment