HIV ဗိုင်းရပ်စ်ကို တားဆီးဟန့်တားနိုင်မည့် နည်းလမ်းသစ်စမ်းသပ်လျက်ရှိ


Posted on May 22 09
HIV ဗိုင်းရပ်စ်ကို တားဆီးဟန့်တားနိုင်မည့် နည်းလမ်းသစ်စမ်းသပ်လျက်ရှိ



AIDSရောဂါဖြစ်ပွားစေသည့် HIVဗိုင်းရပ်စ်ကို တားဆီးဟန့်တားနိုင်မည့် နည်းလမ်းသစ်တစ်မျိုးကို သိပ္ပံပညာရှင်များက စမ်းသပ်လျက်ရှိရာ အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။ AIDSရောဂါအတွက် ကုသဆေးများ၊ ကာကွယ်ဆေးများ ထုတ်လုပ်ခဲ့မှုသည် မအောင်မမြင်ဖြစ်ခဲ့ရသော်လည်း ယခုနည်းလမ်းသစ်အတွက်မူ ပညာရှင်များက မျှော်လင့်လျက်ရှိကြသည်။ ထိုဆေးနည်းမှာ ဝေဒနာရှင်၏ ကြွက်သားများအတွင်းသို့ ခုခံအားကို တိုးပွားစေသည့် ဆေးဝါးများ ထိုးသွင်းသည့် နည်းလမ်းဖြစ်ကြောင်း သိရသည်။ ကုထုံးသစ်ကို ကြွက်များတွင် စမ်းသပ်အောင်မြင်ခဲ့ပြီး မျောက်များတွင်လည်း အောင်မြင်မှုများ ရရှိနေကြောင်း ပညာရှင်များကဆိုသည်။ သုတေသန ပညာရှင်အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည့် ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ ဒေါက်တာဖိလစ်ဂျွန်ဆန်က ယခုနည်းလမ်းသစ်ကို AIDSရောဂါ ကုသနည်းဟု အမည်တပ်ရန်ပင် ခက်ခဲကြောင်း ရှင်းပြခဲ့သည်။ ပုံမှန်အားဖြင့် AIDSသည် လူ့ခန္ဓာကိုယ်အတွင်းမှ ကိုယ်ခံစွမ်းအားများကို ဖျက်ဆီးပစ်လေ့ရှိပြီး ထိုဆေးနည်းက ကိုယ်ခံစွမ်းအားစနစ်ကို ပုံမှန်အတိုင်း ကောင်းမွန်နေစေရန် လုပ်ဆောင်ပေးခြင်းသာဖြစ်ကြောင်း ဒေါက်တာဖိလစ်ကဆိုသည်။ ထိုဆေးနည်း၏ အသေးစိတ်အချက်အလက်များကို Natureမဂ္ဂဇင်းအတွင်း ထည့်သွင်းဖော်ပြထားသည်။ ထိုစမ်းသပ်မှုများကို ကြိုဆိုပါကြောင်း ဘာမင်ဂမ်မြို့၊ အလာဘားမားတက္ကသိုလ်ရှိ AIDSသုတေသန ဌာနမှ ဒေါက်တာဘီထရွိုက်စ်ဟန်းကဆိုသည်။

HIV

(ကမ္ဘာတဝှမ်း အသက် ၁၅နှစ်မှ ၄၉နှစ်အရွယ်အတွင်း HIV ကူးစက်မှုရာခိုင်နှုန်းပြမြေပုံ) (Source: Wikipedia)

သူမသည် ဒေါက်တာဖိလစ်၏ အဖွဲ့နှင့် ဆက်စပ်မှုမရှိသော်လည်း AIDSဟန့်တားရေးအတွက် တသီးတခြား သုတေသနပြုနေသူဖြစ်သည်။ “ဖိလစ်ရဲ့ တွေ့ရှိမှုတွေဟာ AIDSကို အပြီးတိုင် နှိမ်နင်းပစ်ဖို့ အလင်းရောင်တစ်ခုပါပဲ”ဟု ဒေါက်တာဟန်းက ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်း(၂၀)ကျော်သည် ကြောက်မက်ဖွယ် အဆိုပါရောဂါဆိုးကြီးဖြင့် သေဆုံးခဲ့ပြီးဖြစ်သလို အသက်ရှင်နေသူ လူဦးရေ(၃၃)သန်းခန့်သည်လည်း HIVရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်တမ်းများအရ သိရှိရသည်။ ဒေါက်တာဖိလစ်က ၎င်းတို့သည် HIVရောဂါပိုးကို လုံးဝဖျက်ဆီးပစ်နိုင်ရန် မဆောင်ရွက်နိုင်သေးကြောင်း၊ ထို့ကြောင့်လည်း ၎င်းအား အပြီးသတ် မချေမှုန်းနိုင်ခင် ၎င်း၏စွမ်းရည်ကို ဟန့်တားထားလိုက်ရန် စဉ်းစားမိခဲ့ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ နည်းလမ်းကတော့ တစ်ဖက်ကတိုးရင် တစ်ဖက်ကို လျှော့လိုက်တဲ့ ခပ်ရိုးရိုး အတွေးအခေါ်ပါပဲ။ လူတစ်ယောက်ရဲ့ ကိုယ်ခံအားကို HIVက ဖျက်ဆီးတယ်။ ဖျက်ဆီးလိုက်သလောက် ကျွန်တော်တို့က ပြန်ဖြည့်ပေးတယ်။ ရိုးရိုးလေးပါပဲ”ဟု ဒေါက်တာဖိလစ်ကဆိုသည်။ ထိုအခြေအနေကြောင့် ရောဂါပိုးရှိသူသည် ရောဂါပိုး၏ သက်ရောက်မှုကို မခံရဘဲ သက်တမ်းရှိသလောက် နေထိုင်ခွင့် ရသွားနိုင်မည်ဟုလည်း သိရသည်။ ဒေါက်တာဖိလစ်က သက်ဆိုင်ရာ ကိုယ်ခံအား တိုးမြှင့်ဆေးဝါးများဖြင့် AIDSအား တားဆီးသည့်လုပ်ငန်းကို လူသားများတွင် မစမ်းသပ်ရသေးကြောင်း၊ သို့သော်လည်း ကောင်းမွန်သော ရလဒ်များ ရရှိမည်ဟု ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။



0 comments: