သတင်းစာ၏ အသက်သည် အယ်ဒီတာအာဘော်နှင့် ဆောင်းပါးများဖြစ်သည်။ ၎င်းတို့ဖြင့် သတင်းစာ၏ ရပ်တည်မှုကို အကဲခတ်နိုင်သည်။ ပါတီစွဲရှိသော သတင်းစာ၊ မရှိသော သတင်းစာနှင့် ကြားနေဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ရိုးရိုးရှင်းရှင်းရှိသော သတင်းစာဟူ၍ ရှိတတ်ပါသည်။
ယနေ့ မြန်မာနိုင်ငံတွင် ထုတ်ဝေနေသော သတင်းစာများက ပါတီစွဲ တဖက်သတ်ကျင့်သုံးနေသော နအဖ စစ်အစိုးရကြိုက် ပေါ်လစီ ဆောင်းပါးများနှင့်သာ ဖြစ်နေသည်။ စစ်မှန်သည့် သမိုင်းစစ် သမိုင်းမှန်ကို လိမ်ညာဖုံးကွယ်ပြီး မှားယွင်းသော သမိုင်းတု
သမိုင်းယောင်များနှင့် နောင်လာနောက်သားတို့အား အဆိပ်ခပ်တိုက်နေသည်။ ဆောင်းပါးတု ဆောင်းပါးလိမ်များ ဖတ်မိခဲ့ကြသော အဆိပ်မိနေသူတို့အတွက် အဆိပ်ဖြေဆေး တိုက်ကျွေးရန် ဤဆောင်းပါးကို ရေးလိုက်သည်။
၉.၂.၀၉ နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် ဦးမျိုးမြင့် (ဥပဒေ) ၏ “ပကတိအရှိတရားကို ကျော်လွန်ဆန့်ကျင်မှု မှန်သမျှ မအောင်မြင်နိုင်ပါ” ဟု ဆိုသော ဆောင်းပါးမှ…
(၁) အန်အယ်လ်ဒီ နဲ့ ဒိုင်ယာလောဂ့် ဆိုသည်မှာ အခြားမဟုတ်။ အန်အယ်လ်ဒီဘက်က လိုက်လျောရမည့် အချက်တခုမှ မရှိ၊ အန်အယ်လ်ဒီ တောင်းဆိုသော အာဏာလွှဲပေးရေး တခုတည်းကိုသာ ရည်စူးနေကြောင်း၊ မြန်မာပြည်သူတို့က သိနေကြသည်။ ဒါမျိုးဆိုရင်တော့ No ပဲဟု ပြည်သူတို့က ခေါင်းခါယမ်းပြလိမ့်မည်…ဟူ၍ လည်းကောင်း။
(၂) မဲဆန္ဒရှင် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံမဲပေးပြီး အတည်ပြုထားသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြန်လည်သုံးသပ်ပြီး၊ စိတ်ကြိုက်အမဲဖျက်ပစ်လိုက်မည်ဟူသော ဒိုင်ယာလောဂ့်မျိုးကို အစိုးရက အလိုလိုက် အလားလိုက် လက်ခံလျှင်ပင် ပြည်သူက လက်မခံနိုင်ပေ၊ အခြေခံဥပဒေ ၂၀၀၈ ကို အစိုးရမပိုင်ချေ။ ပြည်သူတရပ်လုံးက သာပိုင်သည်။ ဆိုင်သည်။ အစိုးရရော၊ အန်အယ်လ်ဒီရောပါ ပြင်ဆင်ခွင့်လုံးဝမရှိပါချေ.. ဟူ၍ လည်းကောင်း တွေ့ရသည်။
ဥပဒေ ပညာရှင်ကြီး ဦးမျိုးမြင့်၏ အထက်ပါ အပိုဒ် (၁) ကို ရှင်းမည်။ အန်အယ်လ်ဒီနှင့် နအဖ ကြိုတင်စည်းကမ်း သတ်မှတ်ချက်မရှိဘဲ တွေ့ဆုံဆွေးနွေးရေး မဖြစ်သေးဘဲနှင့် ဘာကိုလိုက်လျောရမည်နည်း… ဖြေပါ။ ပြီးတော့ အန်အယ်လ်ဒီ တောင်းဆိုသော အာဏာလွှဲပေးရေး တခုတည်းကိုသာ ရည်စူးနေကြောင်း ..တဲ့။
အန်အယ်လ်ဒီက ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပေးခဲ့စဉ်က န၀တ (နအဖ) အစိုးရထုတ်ပြန်ထားတဲ့ ကြေညာချက်အမှတ် ၁/၉၀ အရလည်းကောင်း၊ စစ်ခေါင်းဆောင်ကြီးများ ပြောကြားခဲ့တဲ့ ကတိစကားများအရ လည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေးကိုသာ အစဉ်တစိုက် တောင်းဆိုခဲ့ပါသည်။ အန်အယ်လ်ဒီသည် အာဏာလွှဲပြောင်းပေးရန် တကြိမ်တခါမျှ မတောင်းဆိုခဲ့ဘူးပါ။ ၀ါးလုံးချေးသုတ်မရမ်းပါနှင့် ခင်ဗျား- ဥပဒေ ပညာရှင်ကြီး တဦးအနေနှင့် ကိုယ့်ဥပဒေကို ကိုယ်က မလိုက်နာဘဲ ကိုယ်ကပြန်ချိုးဖောက်နေတာကို အတွေးမှန်မှန်နှင့် မြင်ကြည့်ရင် အဖြေမှန် ပေါ်ပါလိမ့်မယ်။
၁၈.၂.၀၉ နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် စည်သူအောင်၏ “လက်တွဲညီညီ ရှေ့သို့ချီ” .. ဆောင်းပါးမှ…
“ပြည်သူလူထုကြီးကတော့ နိုင်ငံတော်ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် (၇) ရပ်ထဲမှာ အခုဆိုရင် အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး၊ ရှေ့လာမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဆိုတော့ ရွေးကောက်ပွဲကျင်းပဖို့နဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရကို ဖွဲ့စည်းပြီး နိုင်ငံတာဝန်တွေကို လွှဲပြောင်းဖို့ဆိုတဲ့ အဆင့်တွေပဲ ကျန်တော့တာကို ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ မုခ်ဦးဆီကို မကြာခင် ရောက်တော့မယ်ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြတာပါ။ ဒါပေမယ့် ဒီလူတစုက အခြေခံဥပဒေသစ်ကို လက်မခံဘူးတို့၊ ရွေးကောက်ပွဲသစ်ကို စဉ်းစားစရာ မလိုဘူးတို့ အခြေခံဥပဒေကို သူတို့စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့် ပေးရမည်ဆိုတဲ့ အမျိုးမျိုးသော လေသံတွေပစ်ပြီး၊ လူထုကြီးကို စိတ်ညစ်အောင် “တစ်” ကနေ ပြန်စဖို့ လုပ်နေကြတာတော့ စိတ်မကောင်းစရာလို့ပဲ ပြောရတော့မှာပါ..” လို့ ဆိုထားတယ်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူကြမ်းက ခင်ဗျားတို့ ပြောပြောနေကြတဲ့ ပြည်သူ (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံထားတာပါတဲ့။ စစ်မှန်စွာ ထောက်ခံထားသည် ဖြစ်စေ၊ လိမ်ညာ၍ ထောက်ခံထားသည် ဖြစ်စေ အတည်မပြုရသေးပါဘူး။ တကယ်စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးက အနိုင်ရတဲ့ အဖွဲ့က လွှတ်တော်ခ်ါပြီး ထိုလွှတ်တော်က အတည်ပြုဆုံးဖြတ်မှသာ အတည်ပြုပြီးပြီလို့ ပြောလို့ရမှာပါ။ ရွေးကောက်ပွဲက ဘယ်ဆီနေလဲမသိ၊ နှုတ်ခမ်းလန်နဲ့ မုန့်ဆီကြော် တည့်ပါ့မလားလို ဖြစ်နေပြီ။ ပြီးတော့…
သူတို့စိတ်ကြိုက် ပြန်လည်ပြင်ဆင်ခွင့်ပေးရမယ်ဆိုတဲ့ အန်အယ်လ်ဒီကို ယုန်ထင်ကြောင်ထင်ရေးထားတာ တွေ့ရတယ်။ အန်အယ်လ်ဒီက မိမိစိတ်ကြိုက် ပြန်လည်ပြင်ဆင်ရမယ်လို့ လေသံမပစ်ခဲ့ပါဘူး။ အန်အယ်လ်ဒီရဲ့ ၂၂.၉.၀၈ နေ့ထုတ် အထူး ကြေညာချက် ၁၈/၀၉/၀၈ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးလို့ ရေးထားပါတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရာမှာ သူတို့ စိတ်ကြိုက် အန်အယ်လ်ဒီ တဦးတည်း ပြန်လည်ပြင်ဆင်ခွင့် ပေးရမယ်လို့ မပါပါဘူး။ အားလုံးပါဝင်ရန် ဖြစ်ပါတယ်။
ဥပမာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ စတဲ့ ကိုယ်စားလှယ်များနှင့် ပြန်လည်သုံးသပ်ကြဖို့ တင်ပြထားတာပါ။ ဒါက တရားမျှတပြီး မှန်ကန်တဲ့ ကိစ္စပါ။ ဘာကြောင့်လည်းဆိုတော့ အခု ခင်ဗျာတို့ ရေးဆွဲပြီး ထောက်ခံမဲ (၉၂.၄၈) ရထားတဲ့ အခြေခံဥပဒေဟာ ခင်ဗျားတို့ အစိုးရက ထုတ်ပြန်ထားတဲ့ ကြေညာချက် ဥပဒေ အမိန့်တွေ၊ ကတိစကားတွေနဲ့ လုံးဝဆန့်ကျင်ခြားနားနေပြီး ခင်ဗျားတို့ နအဖအစိုးရ စိတ်ကြိုက် ခေါင်းခေါက်ရွေးထားတဲ့ လက်ပါးစေ ပုဆိန်ရိုး ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်နေလို့ပါပဲ။ အဲဒီတော့ တရားမ၀င်တဲ့ ပုဂ္ဂိုလ်တွေ ရေးဆွဲထားတဲ့ ဥပဒေကိုတော့ စောစောက တင်ပြထားတဲ့ တရားဝင်ကိုယ်စားလှယ်တွေ၊ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒါမှ လွတ်လပ်မှု တရားမျှတမှု ညီမျှမှုဆိုတဲ့ လောကပါလ တရားနဲ့ ညီညွတ်တော့မှာပေါ့ဗျ….။
၁၉.၂.၀၉/၂၀.၂.၀၉ နေ့ထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် ကျော်ရဲလင်း၏ “လမ်းမှန်ထက်ပိုပြီး ဝေးသည်ထက် ဝေးသွားမှာ စိုးရိမ်မိပါသည်” ဆောင်းပါးမှ “သူတို့ အနေနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာလည်း No-Vote ပြောလိုပြော၊ No-Vote ဆိုလိုဆို၊ တတ်သမျှ မှတ်သမျှ နည်းလမ်းစုံသုံးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်မပြုနိုင်အောင် အင်တိုက်အားတိုက်ကြိုးစား ဆန့်ကျင်ခဲ့ကြတာ အားလုံးအသိပါ။ သူတို့ ဖျက်ဖို့ ကြိုးစားပါလျက်နဲ့ မအောင်မြင်ဘဲ ပြည်သူက ပြတ်ပြတ်သားသား ထောက်ခံ အတည်ပြုပေးလိုက်တဲ့အခါကျမှ ဒါကို လက်မခံနိုင်ဘူး။ ဒါကို ပြန်ပြီး Review လုပ်ဖို့ လိုမယ်။ ဒါမှ အသိမှတ်ပြုနိုင်မယ်။ စသည်ဖြင့် သူခိုးက လူလိုဟစ်နေ တာတွေကိုလည်း လုံးဝ စွန့်လွှတ်သင့်ပါပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ပြည်သူ့သဘောထားကို မလေးစားရာ၊ ပြည်သူရဲ့ Mandate ကို ပစ်ပယ်ရာ ရောက်စေပါတယ်” ..တဲ့။
ကိုကျော်ရဲမင်းရေ ပြည်သူနှလုံးသား ဆန္ဒအစစ်အမှန်ကို လိမ်ညာ၍ လည်းကောင်း၊ ခြိမ်းခြောက်၍ လည်းကောင်း၊ မသမာသော နည်းများကို သုံးပြီး ထောက်ခံဆန္ဒမဲကို ခိုးယူတာ ဘယ်သူတွေလည်း၊ မဲရုံမှာ တာဝန်ချထားပြီး ရှိနေကြသူတွေဟာ ဘယ်သူတွေလဲ။ နအဖ စစ်အာဏာရှင်တွေရဲ့ အခိုင်းခံ သြဇာခံ ရယက၊ ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ မီးသတ်အဖွဲ့ဝင်တွေပဲ မဟုတ်လား။ မဲရဲုမှာ အာဏာရှင်တွေရဲ့ လက်သုံးတော်တွေနဲ့ စိတ်ကြိုက်ခြယ်လှယ်ပြီး မမှန်မကန်ဆောင်ရွက်သွားတာကို ကြည့်ရင် ဘယ်သူတွေက ပြည်သူ့ဆန္ဒအစစ်အမှန်ကို ခိုးတာလဲဆိုတာ ထင်ရှားနေပါပြီ။
အန်အယ်လ်ဒီက Review.. သုံးသပ်ဖို့ အကြံပေးတာပါ။ ဒါမှ အသိအမှတ်ပြုနိုင်မယ်ဆိုတဲ့ စကားလုံး အသုံးအနှုန်း မပါခဲ့ပါဘူး။ ခင်ဗျားက စကားလုံးတွေ ကုလားဖန်ထိုးပြီး ငါ့စကားနွားရနဲ့ ပြည်သူရဲ့ မျက်စိကို ဆားနဲ့ ပက်လိုက်တာလား၊ စကားလုံးတွေ ခိုးသုံးပြီး လူလို ဟစ်တာက ကိုယ့်ရှူးကိုယ်ပတ်နေပြီ ပညာရှိ သတိဖြစ်ခဲ့ပေါ့ဗျာ.. ဟဲ...ဟဲ။
ကိုယ့်မျက်ချေးလည်း ကိုယ်ပြန်မြင်တတ်ပါဦး။ ခင်ဗျားက ၂၀၀၈ ခုနှစ်ရဲ့ ဆန္ဒခံယူပွဲက ပြည်သူ့သဘောထားကို မလေးစားရာ ပြည်သူရဲ့ Mandate ကို ပစ်ပယ်ရာ ရောက်မယ်လို့ ပြောရင် ၁၉၉၀ ပြည့်နှစ်ရဲ့ စစ်မှန်ပြီး တရားမျှတတဲ့ ပြည်သူ့ဆန္ဒကိုရော ဘာကြောင့် မျက်ကွယ်ပြုနေရပါသလဲ၊ မျှမျှတတ စဉ်းစားကြပါဦး၊ တရားသဖြင့် ရေးကြပါဦးလို့ပဲ ပြောချင်ပါတယ်။
၂၃.၂.၀၉ နေထုတ် ကြေးမုံသတင်းစာမှ ဆောင်းပါးရှင် ကျော်မင်းလူ (ရွှေပြည်သာ) ၏ “အပြုသဘောရှုမြင် တိုးတက်အောင်မြင်တဲ့ ခရီးစဉ်”… ဆောင်းပါးထဲက အဓိက အချက်ကိုပဲ ပြောချင်ပါတယ်။ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူကဆိုရင်..
“ဒီညနေအထိ ဘာမှ မထူးဘူး၊ တွေ့ဆုံမှုလည်း မရှိဘူး၊ ဆက်သွယ်မှုလည်း မရှိဘူး၊ ဒီခရီးစဉ်ကတော့ Mr.Quimtana အနေနဲ့ သူဆောင်ရွက်ချင်တဲ့ သူစုံစမ်းချင်၊ တွေ့ဆုံချင်တဲ့ ဟာတွေကို အပြည့်အ၀ တွေ့ဆုံခွင့်မရတဲ့ သဘော။ ကျနော်တို့ ဒါကတော့ ပေါ်ပေါ်လွင်လွင် ရှိနေတယ်” လို့ ပြောသွားတာ ဒါအမှန်တရားပဲ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသမားအားလုံး။ ဥပမာ နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ဝေးလံသီခေါင်တဲ့ အကျဉ်းထောင်တွေဆီ အပို့ခံထားရတဲ့ အက်စ်အန်အယ်လ်ဒီက ခွန်ထွန်းဦးတို့ စိုင်းညွန့်လွင်တို့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တခြား အန်အယ်လ်ဒီက နိုင်ငံရေးအကျဉ်းသမားတွေနဲ့ တကယ်စစ်စစ်မှန်မှန် တွေ့ဆုံမေးမြန်းရမှာ။ ခုတော့ဗျာ လူ့အခွင့်အရေးကို ချိုးဖောက်ရာမှာ ပါဝင်ပတ်သတ်နေတဲ့ နအဖ လက်ပါးစေ ကြံ့ဖွံ့အဖွဲ့တို့၊ အမျိုးသမီးရေးရာ အဖွဲ့တွေနဲ့ ၀င်တွေ့သွားတယ်ဆိုတော့ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ပြီးတော့ အန်အယ်လ်ဒီက လူကြီးတွေကို “Mr.Quimtana နဲ့ တွေ့ချင်လွန်းလို့ အိမ်မှာ အလှအပတွေ ပြင်ပြီး အခေါ်စောင့်နေတဲ့ ပုံပါပဲ” ဆိုတဲ့ အရေးအသားဟာ လူကြီးလူကောင်း မဆန်ဘဲ အတော်အောက်တန်းကျတာပဲ။
ဆောင်းပါးရှင်က…မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်တာနဲ့ အညီ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အစဉ်တစိုက်ပူးပေါင်းဆောင်ရွက်သွားရေးဟာလည်း ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့ အဓိက မူဝါဒဖြစ်ပါတယ်လို့ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ အကြိမ်ကြိမ် ဆုံးဖြတ်ထားချက်နဲ့ ကြေညာချက်မျာကို လေးလေးစားစား လိုက်နာသင့်ပါကြောင်းပါ ခင်ဗျား….။
သတင်းအများသည် သမိုင်းကို ပြောနေကြသည်။ စစ်မှန်တိကျ မှန်ကန်သော သတင်းဆောင်းပါးများကသာ သမိုင်းအစစ်ကို ဖော်ဆောင်သည်။ မရေရာ မသေချာ၊ ကိုယ့်ဘက်ကိုယ်ယက်၊ ငါ့မြင်း ငါခိုင်း စစ်ကိုင်းရောက် ရောက် ဆိုတဲ့ မုသားရည်ဖုံးထားတဲ့ ဆောင်းပါးသတင်းစာမျိုးဆိုရင်တော့ သမိုင်းကို လိမ်ညာနေရုံသာရှိမည်ဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment