ဗြိတိန်နိုင်ငံမှ အသက်(၈၃)နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်သည့် သူမ၏ မိခင်ကြီးကို နှစ်ပေါင်း(၃၀)ခန့်ကြာအောင် ရေခဲသေတ္တာအတွင်း သိမ်းဆည်းထားခဲ့သည်ဟု ရဲများက သံသယရှိနေကြသည်။ ဒေါလတ် အီရန်နီအား ယခုအခါ ရဲများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ သူမသည် အီရန်နိုင်ငံဖွား မိခင်ကြီး ဂါလ်ဘီဖရီဒွန်မာဇန် သေဆုံးသွားချိန်တွင် နိုင်ငံအတွင်း တရားမ၀င် နေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိလာမည်ကို စိုးရိမ်သဖြင့် အလောင်းကို ကားဂိုဒေါင်အတွင်းရှိ ရေခဲသေတ္တာထဲတွင် သိုဝှက်ထားခဲ့သည်။ မစ္စမာဇန်သည် (၁၉၀၁)ခုနှစ်ကတည်းက မွေးဖွားခဲ့သူဖြစ်ကြောင်း ရဲများက ရှာဖွေတွေ့ရှိခဲ့သည်။ အီရာနီအား မေလ(၂၇)ရက်နေ့က ရဲများက ထိုကိစ္စအတွက် မေးမြန်းခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိသေးပေ။ သူမသည် အိမ်ထောင်မပြုခဲ့ဖူးသလို သားထောက်သမီးခံလည်း မရှိဘဲ အပျိုကြီးဘ၀ဖြင့် အထီးကျန်စွာ နေထိုင်နေသူဖြစ်သည်။ သူမသည် ယခုနေထိုင်သည့် အိမ်အားပိုင်ဆိုင်သော အစ်မဖြစ်သူနှင့် ခဲအိုတို့ မကွယ်လွန်ခင်က ထိုအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည်။
(ဒေါလတ်အီရန်နီ[ယာအစွန်]အား ရဲတပ်ဖွဲ့ဝင်များက မေးမြန်းနေစဉ်)
အိမ်နီးချင်းများသည် မစ္စမာဇန်၏ ရုပ်အလောင်းကြီး ကာလကြာမြင့်စွာ ၎င်းတို့အနီးတွင် ရှိနေခဲ့ကြောင်း လုံးဝမသိဘဲ ပေါင်(၂၀၀၀၀၀)တန် နေအိမ်သို့ ရဲများရောက်လာမှသာ အကြောင်းရင်းကိုသိပြီး အံ့အားသင့် ထိတ်လန့်ခဲ့ကြသည်။ အိမ်နီးချင်း တစ်ဦးက လွန်ခဲ့သည့် (၂၉)နှစ်ကတည်းက သေဆုံးခဲ့သည့် မစ္စမာဇန်၏ ရုပ်အလောင်းကို ရဲများက သယ်ထုတ်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ရဲများ၏ အဆိုအရ အအေးဓာတ်ကြောင့် အလောင်းသည် ဆိုးဆိုးရွားရွား မပျက်စီးသေးကြောင်း သိရသည်။ ထိုအလောင်းကို မေလ(၂၉)ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်သည်။ အီရန်နီ၏ နေအိမ်တွင် အစ်မဖြစ်သူ မသေဆုံးမီက သူနာပြုအဖြစ် လာရောက်တာဝန် ထမ်းဆောင်ဖူးသူ အနီလာဘားနက်က သူမသည် အိမ်ထဲတွင် ထိုအလောင်းကြီး ရှိနေမှန်း လုံးဝမသိခဲ့ကြောင်း ပြောကြားခဲ့သည်။ အသက်(၅၀)ကျော်ပြီဖြစ်သော အနီလာသည် လွန်ခဲ့သော (၂၃)နှစ်က ထိုအိမ်သို့ ရောက်ခဲ့သေးသည်။ အနီလာက အီရန်နီတို့ (၃)ဦးလုံးမှာ ပညာတတ် ပုဂ္ဂိုလ်များဖြစ်ပြီး အီရန်နီမှာလည်း နှစ်လိုစရာကောင်းကြောင်း ပြောခဲ့သည်။ သို့သော်လည်း အလောင်းကြီးအား နှစ်ပေါင်းများစွာ အိမ်ထဲတွင် ထားထားသည့်အတွက် သူမ၏စိတ်တွင် မည်သို့ရှိမည်ကို စဉ်းစားမရကြောင်း အနီလာက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က အီရန်နီ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အလောင်းသည် အသက်အရွယ်ကြောင့် သေဆုံးခြင်းသာဖြစ်ပြီး အခြားမသင်္ကာစရာ မတွေ့ရဟု သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment