A/H1N1 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖွယ်ရှိဟု တရုတ်နိုင်ငံမှ တရားဝင်ကြေညာ

.

Posted on May 27 09
A/H1N1 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖွယ်ရှိဟု တရုတ်နိုင်ငံမှ တရားဝင်ကြေညာ



တရုတ်နိုင်ငံသည် လာမည့်ဇူလိုင်လအတွင်း A/H1N1တုပ်ကွေး ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း Xinhuaသတင်းဌာနက တရားဝင် ကြေညာလိုက်သည်။ သတင်းဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အဆိုပါ သတင်းကို အတည်ပြုကြောင်း ဖော်ပြထားပြီး ဇွန်လအစောပိုင်းတွင် A/H1N1၏ မျိုးဗီဇဆဲလ်များကို ဖော်ထုတ်နိုင်ရန် သေချာသလောက် ရှိနေသောကြောင့် မကြာမီကာလအတွင်း တုပ်ကွေးကာကွယ်ဆေးကို တီထွင်နိုင်တော့မည်ဟု ရေးသားထားသည်။

A/H1N1

တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်ကုန်ဌာန အကြီးအကဲဖြစ်သူ ယင်ဟွန်ဇန်းက “ကျွန်တော်တို့နိုင်ငံက WHOနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသလို တရုတ်ဆေးဝါး လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ထားပြီးပါပြီ။ WHOက ဇွန်လလောက်ဆို တုပ်ကွေးဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆဲလ်တွေ ဖြန့်ဝေပေးနိုင်မယ်ဆိုတော့ ကျွန်တော်တို့က အမြန်ဆုံး ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မှာပါ”ဟု Xinhuaသို့ ပြောကြားခဲ့သည်။ “ဇွန်လ အစောပိုင်းလောက်မှာ ဗီဇဆဲလ်တွေ ရထားဖို့တော့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ကာလအတွင်း ကာကွယ်ဆေးကို အပြီးသတ် ထုတ်လုပ်သွားနိုင်မှာပါ”ဟုလည်း ယင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်၏အဆိုအရ လုံခြုံမှုအပြည့်ရှိသော ကာကွယ်ဆေး ထုတ်လုပ်ရေးစီမံကိန်းကို WHOနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံက ဌာနခွဲတစ်ခု သီးသန့်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်က WHOသည် ယခုအချိန်ထိ A/H1N1တုပ်ကွေးမှာ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါ(သို့မဟုတ်) ကမ္ဘာနှင့်အ၀ှမ်း ပြန့်နှံ့လာမည့် ကပ်ရောဂါဖြစ်ကြောင်း မဝေခွဲနိုင်သေးဟု ဆိုသည်။ WHOသည် အစောပိုင်းက တုပ်ကွေးဗိုင်းရပ်စ်နှင့်ပတ်သတ်ပြီး ဓာတ်ခွဲစမ်းသပ်မှုများတွင် အခက်အခဲများ ရှိနေသေးသဖြင့် ဇူလိုင်လလယ်မတိုင်မီအထိ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖွယ် မရှိသေးကြောင်း ကြေညာထားသည်။



0 comments: