ခင်ပွန်းဖြစ်သူ၏ သေနတ်နှင့်ပစ်မှုကြောင့် ပျက်စီးသွားသောမျက်နှာကို အပြည့်အ၀ ပြန်လည်အစားထိုးထားသည့် အမေရိကန် အမျိုးသမီးသည် ပထမဦးဆုံးအဖြစ် လူအများရှေ့ ထွက်ပြခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီးသည် အမေရိကန်နိုင်ငံအတွက် ပထမဆုံးအကြိမ် မျက်နှာတစ်ခုလုံး အစားထိုးနိုင်ခဲ့သည့် လူနာအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။ ကော်နီကပ်သည် လွန်ခဲ့သော(၅)နှစ်က ခင်ပွန်းဖြစ်သူ၏ Shotgunပြောင်းတို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မျက်နှာတစ်ခုလုံး အရိုးများကြေကာ စုတ်ပြတ်သွားခဲ့ရှာသူဖြစ်သည်။ သူမ၏မျက်နှာအား ခွဲစိတ်မှုအကြိမ် (၃၀)ထိ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါတွင် အတော်လေး ကြည့်ရဆိုးနေသော်လည်း လူတောသူတောတိုးနိုင်သည့် အဆင့်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကလေးနှစ်ဦး၏ မိခင်ဖြစ်သော အသက်(၄၆)နှစ်အရွယ် ကပ်သည် ကလိဗ်လန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သူမ၏မျက်နှာကို ထုတ်ဖော်ပြသခဲ့သည်။ ယခုအချိန်တွင် သူမ၏ရုပ်သွင်သည် အတော်လေးဆိုးနေသေးသည့်တိုင် တစထက်တစ အဆင်ပြေလာမည်ဟု မျှော်လင့်ကြောင်း ကပ်ကဆိုသည်။ မေလအတွင်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် “ကျွန်မဟာ ကြောက်စရာ သတ္တ၀ါဆိုးကြီးတစ်ကောင် မဟုတ်တော့ပါဘူး။ ခုလိုမျိုး လူရှေ့ပြန်ထွက်ပြလာနိုင်တဲ့အတွက် ကျွန်မ ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်”ဟု ပြောကြားသွားသည်။
(သောမတ်စ်) (ကောနီကပ်)
ကပ်သည် (၂၀၀၄)ခုနှစ်၊ စက်တင်ဘာလအတွင်းက ခင်ပွန်းဖြစ်သူ သောမတ်စ်၏ ရက်စက်မှုကြောင့် သေလုမျောပါး ဒါဏ်ရာများ ရရှိခဲ့ရသည်။ သောမတ်စ်သည် ဇနီး၏မျက်နှာကို (၈)ပေအကွာမှ Shotgunဖြင့် ပစ်ခတ်ခဲ့ပြီးနောက် သူ့မျက်နှာကိုလည်း ပြန်လည်ပစ်ကာ သေကြောင်းကြံခဲ့သည်။ သို့သော်လည်း သောမတ်စ်သည်လည်း မသေခဲ့ဘဲ အောက်မေးရိုးတွင်သာ ဒဏ်ရာများရခဲ့သည်။ သောမတ်စ်လည်း မျက်နှာတွင် ထိခိုက်မိသော်လည်း ဇနီးသည်လောက် အခြေအနေမဆိုးခဲ့ပေ။ ကပ်မှာမူ Shotgunဒဏ်ကြောင့် နှာခေါင်း၊ ပါးနှစ်ဖက်၊ အထက်နှုတ်ခမ်းနှင့် မျက်လုံးတစ်ဖက်တို့ လုံးဝပျက်စီးစုတ်ပြတ်သွားပြီး မျက်နှာတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ Shotgun၏ သဘောအရ ကျည်ဆန်သည် အစအနများအဖြစ် ကွဲထွက်တတ်သောကြောင့် ကပ်၏မျက်နှာတွင် ရာပေါင်းများစွာသော ကျည်စများ ထိမှန်ခြင်းကို ခံခဲ့ရသည်။ သူမအား အရေးပေါ်ခွဲစိတ်ပြီးနောက် ကပ်သည် မျက်နှာရှိအပေါက်ကြီးမှ ထိုးသွင်းထားသော ပိုက်တစ်ချောင်းဖြင့် အသက်ရှူခဲ့ရရှာသည်။ သူမအား ဦးဆောင်ကုသပေးခဲ့သည့် ဒေါက်တာကေသီကော့ဖ်မင်းက ပြီးခဲ့သော (၅)လအတွင်း (၂၂)နာရီကြာသော ခွဲစိတ်မှုတစ်ခု ပြုလုပ်ပြီးနောက် ကပ်၏မျက်နှာပြင် (၈၀)ရာခိုင်နှုန်းကို မျက်နှာတစ်သျှူးများနှင့် အပြည့်အ၀ အစားထိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
(ကောနီကပ်၏ မျက်နှာပြင်ဓာတ်မှန်)
ထိုတစ်သျှူးများသည် ကောင်းစွာအလုပ်လုပ်ပြီး တစထက်တစ ဖွံ့ဖြိုးလာသလို ဦးခေါင်းရှေ့ပိုင်း၊ အောက်နှုတ်ခမ်း၊ မျက်ခွံနှင့် ပါးရိုးများကို ဆက်လက်အစားထိုးရဦးမည်ဟု ရှင်းပြခဲ့သည်။ ကပ်အနေနှင့် မျက်နှာလှုပ်ရှားမှုများ ပြုလုပ်ရာတွင် မပီမပြင် ဖြစ်နေမှုမျိုး အတန်ငယ်မျှ ရှိနေနိုင်သေးပြီး မျက်နှာကြွက်သားများ အသားတကျ မရှိသေးမီအထိ စကားပြောရာတွင် ဗလုံးဗထွေး ဖြစ်နေဦးမည်ဟု ဒေါက်တာကေသီက ပြောကြားသွားသည်။ သို့သော်လည်း ကပ်မှာ (၅)နှစ်အတွင်း စကားပြောနိုင်၊ ပြုံးနိုင်၊ အနံ့ခံနိုင်၊ အရသာမြည်းစမ်းနိုင်သည့် ဘ၀မျိုးအား ပြန်လည်ပိုင်ဆိုင်နိုင်ပြီဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုခဲ့သည်။ ကပ်၏ခင်ပွန်း သောမတ်စ်သည် (၂၀၀၅)ခုနှစ်က ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသော်လည်း ကပ်က သောမတ်စ်အပေါ် ခွင့်လွှတ်ကြောင်း ပြောကြားခဲ့သည်။ “သောမတ်စ်ကို ကျွန်မအမြဲချစ်နေမှာပါ။ သူဟာ ကျွန်မဘ၀ရဲ့ အချစ်ဦးလည်း ဖြစ်ပါတယ်”ဟု ကပ်ကဆိုသည်။ ကပ်အားကုသပေးခဲ့သည့် ကလိဗ်လန်းဆေးရုံက သူမ၏မျက်နှာတစ်ခုလုံးကို အစားထိုးပေးနိုင်ရန် အသုံးစရိတ်မှာ ပေါင်စတာလင် (၂)သိန်းကျော်မျှရှိကြောင်း ကြေညာခဲ့သည်။ ကမ္ဘာပေါ်တွင် ပထမဆုံး မျက်နှာအစားထိုး ကုသမှုကို (၂၀၀၅)ခုနှစ်က ပြင်သစ်နိုင်ငံတွင် အစ္စဘဲလား ဒီနော်ရီဆိုသည့် အမျိုးသမီးအား ပြုလုပ်ပေးခဲ့ပြီး ဒီနော်ရီမှာ သူမမွေးထားသည့်ခွေး၏ ကိုက်ခဲမှုကြောင့် မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားခဲ့သူဖြစ်သည်။
(ကောနီကပ်မျက်နှာပြောင်းလဲမှု)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment