ကူဝိတ်နိုင်ငံရောက် အမေရိကန်စစ်သားအချို့ A/H1N1ကူးစက်ခံရ


Posted on May 26 09
ကူဝိတ်နိုင်ငံရောက် အမေရိကန်စစ်သားအချို့ A/H1N1ကူးစက်ခံရ



ကူဝိတ်တွင် တပ်စွဲထားသော အမေရိကန် စစ်တပ်များအနက်မှ A/H1N1တုပ်ကွေး ကူးစက်ခံနေရကြောင်း အတည်ပြုနိုင်ခဲ့သည့် စစ်သား(၁၈)ဦးသည် ကူဝိတ်နိုင်ငံမှ မေလ(၂၄)ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။ အာရှနိုင်ငံများသို့ လျင်မြန်စွာ ပြန့်နှံ့ရောက်ရှိလာသည့် A/H1N1တုပ်ကွေးသည် ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းထိအောင် ကူးစက်ရောက်ရှိလာပြီဟု ကူဝိတ်ပြည်သူ့ ကျန်းမာရေးဌာန ဒုတိယအကြီးအကဲ ယူဆွတ်ဖ်မန်းကာက AFPသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန် စစ်သည် (၁၈)ဦးတို့တွင် တုပ်ကွေးလက္ခဏာများ ပေါ်ပေါက်လာပြီးနောက် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ A/H1N1ရောဂါပိုးကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးကို ဆေးဝါးကုသမှု ပိုမိုကောင်းမွန်သည့် အမေရိကန်သို့ ပြန်ပို့ပေးလိုက်ကြောင်း ယူဆွတ်ဖ်က ဆိုသည်။



(ကူဝိတ်တွင်တပ်စွဲထားသည့် အမေရိကန်စစ်စခန်းတစ်ခု)

ယူဆွတ်ဖ်က အမေရိကန် စစ်သည်များတွင် A/H1N1ဗိုင်းရပ်စ် တွေ့ရှိသော်လည်း ကူဝိတ်နိုင်ငံသားများသို့ ထိုရောဂါကူးစက်ခြင်း မရှိသေးကြောင်း ငြင်းဆန်ခဲ့သည်။ ရေနံလုပ်ငန်းဖြင့် ပေါကြွယ်ဝသည့် ကူဝိတ်နိုင်ငံ အစိုးရသည် ယခုအချိန်ထိ A/H1N1ကူးစက်မှု မရှိသေးကြောင်း တရားဝင် ကြေညာထားဆဲဖြစ်သည်။ ကူဝိတ်နိုင်ငံရှိ အမေရိကန် သံရုံးကမူ ယခုရောဂါ အခြေအနေအတွက် သတိထား ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ပင်လယ်ကွေ့ဒေသအတွင်းရှိ အာရပ်နိုင်ငံများတွင် လာရောက်အလုပ်လုပ်နေသူ နိုင်ငံခြားသားဦးရေ သန်းနှင့်ချီရှိသော်လည်း A/H1N1ကူးစက်မှုအတွက် နောက်ထပ်သတင်းပေးပို့မှုများ မရှိသေးပေ။ မေလ(၂၅)ရက်နေ့ထိ ကမ္ဘာတ၀ှမ်းတွင် တုပ်ကွေးကူးစက်မှု လျင်မြန်နှုန်းသည် အာရှနိုင်ငံများတွင် သိသိသာသာ တိုးပွားလာမှု အရှိဆုံးအဖြစ် ရပ်တည်နေသည်။ ယခုအချိန်တွင် ကမ္ဘာတ၀ှမ်းရှိ နိုင်ငံ(၄၃)ခုသို့ A/H1N1ကူးစက် ပြန့်နှံ့နေပြီဖြစ်ပြီး လူ(၁၂၀၀၀)ကျော် ကူးစက်ခံရကာ အဆိုပါရောဂါကြောင့် သေဆုံးသူဦးရေ (၈၆)ဦးထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ကမူ ကူးစက်ရောဂါအဆင့်ကို နောက်ဆုံးအဆင့်သို့ တိုးမြှင့်သတ်မှတ်မည် မဟုတ်ကြောင်း ပြောကြားထားသည်။



0 comments: