မုန်လာဥနီများကို မလှီးဖြတ်ခင် လုံးဝကျက်သည်အထိ ချက်ပြုတ်ပေးခြင်းဖြင့် ၎င်းတို့တွင် ပါဝင်သည့် ကင်ဆာကာကွယ်နိုင်သော အာနိသင်ကို မြင့်တက်လာစေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ လူအများသည် ဟင်းသီးဟင်းရွက်များကို ရေဆေးပြီး ချက်ချင်းလိုလို လှီးဖြတ်လိုက်တတ်သည့် အလေ့အကျင့် စွဲမြဲနေတတ်ပြီး ထိုအပြုအမူသည် အစားအသောက်များတွင် ပါဝင်သည့် ဆေးဖက်ဝင်သော ဂုဏ်သတ္တိများကို လျော့ကသွားစေကြောင်း ဗြိတိသျှ သိပ္ပံပညာရှင်များကဆိုသည်။ မုန်လာဥနီများကို မလှီးဖြတ်ခင်ကတည်းက ပွက်ပွက်ဆူအောင် ပြုတ်သင့်ပြီး ထိုသို့ပြုလုပ်ပါက ကင်ဆာကာကွယ်နိုင်သည့် စွမ်းရည်ကို သာမန်ထက် (၂၅)ရာခိုင်နှုန်း တိုးလာစေပြီး မုန်လာဥနီ၏ အရသာကိုလည်း ပိုချိုစေကြောင်း ပညာရှင်များက ထောက်ခံခဲ့သည်။ ဗြိတိန်နိုင်ငံ နယူးကာဆယ်လ်ရှိ စိုက်ပျိုးရေး သင်တန်းကျောင်းမှ ဒေါက်တာ ခရစ္စတီယန် ဘရန့်တ်က ကြွက်များကို မလှီးမဖြတ်ဘဲ ပြုတ်ထားသည့် မုန်လာဥနီ အပိုင်းအစများ ကျွေးခဲ့ရာ အကြိတ်များ ဖြစ်ပေါ်စေမှု သိသိသာသာ လျော့နည်းသွားကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက်တွင်မူ ဒေါက်တာဘရန့်တ်သည် သုတေသန ပညာရှင်တစ်ဦးဖြစ်သည် အာလမ်ရာရှက်ဒ်နှင့် တွဲဖက်ပြီး ထိုကျောင်းမှာပင် မုန်လာဥနီ၏ ဂုဏ်သတ္တိများ မည်သည့်အခါတွင် အထိရောက်ဆုံး အကျိုးပြုနိုင်မည်ကို စနစ်တကျ လေ့လာခဲ့သည်။ မုန်လာဥနီသည် ကင်ဆာကို တိုက်ဖျက်နိုင်သည့် falcarinolဓာတ်ပေါင်း အပေါများဆုံး ရင်းမြစ်တစ်ခုလည်းဖြစ်သည်။ မုန်လာဥနီအား ရှေးဦးစွာ ပွက်ပွက်ဆူအောင် ပြုတ်လိုက်ပါကာ falcarinolပမာဏသည် (၂၅)ရာခိုင်နှုန်းထက် ပိုများလာကြောင်း သုတေသန ရလဒ်များအရ ဒေါက်တာဘရန့်တ်တို့ တွေ့ရှိခဲ့သည်။ “အားရစရာ တွေ့ရှိချက် တစ်ခုဆိုလည်း မမှားပါဘူး။ လူတွေဟာ မုန်လာဥနီကို ပေါပေါများများ စားနေပေမယ့် စားသောက်ပုံ နည်းစနစ်ကတော့ လွဲနေပါတယ်။ နေ့စဉ်စားနေတဲ့ မုန်လာဥနီတွေကို ပိုချိုလာသလို ပိုလည်းဆေးဖက်ဝင်လာဖို့ မလှီးခင်ကတည်းက ကျက်အောင်ပြုတ်သင့်တယ်လို့ ကျွန်တော် အကြံပေးချင်ပါတယ်”ဟု ဒေါက်တာဘရန့်တ်က ပြောကြားခဲ့သည်။ အပူချိန်ကြောင့် မုန်လာဥနီ၏ ဆဲလ်နံရံများတွင် ခိုအောင်းနေသော အချိုဓာတ်မှာ လှုံ့ဆော်မှု ပိုများလာပြီး ပိုလည်းသိပ်သည်း ပြင်းထန်လာသောကြောင့် ယခုလို အချိုကဲလာခြင်းဖြစ်ကြောင်းလည်း ဒေါက်တာဘရန့်တ်က ရှင်းပြသွားသည်။ ၎င်းတို့သည် လူတစ်ဦး၏ မုန်လာဥချက်ပြုတ်စားသောက်ပုံ နည်းစနစ်ကို လေ့လာခဲ့ရာ (၈၀)ကျော်က လှီးဖြတ်ပြီးမှ ချက်ပြုတ်လေ့ရှိကြောင်း ၀န်ခံခဲ့သည်။ အာဟာရပြုမှုဆိုင်ရာ အလွတ်တန်း သုတေသီတစ်ဦးဖြစ်သည့် ဒေါက်တာကာရင်ရက်စတန်ကလည်း အပူဓာတ်သည် သီးနှံများတွင် သဘာဝအလျောက် ကိန်းအောင်းနေသည့် အရသာဒြပ်များကို ပိုမိုလှုံ့ဆော်ပေးနိုင်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။
http://www.planet.com.mm/news/read.cfm/id/12931
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment