LCD, Plasma ပြီးတော့ OLED TVများ နေရာယူလာဦးမည်


Posted on Jun 02 09
LCD, Plasma ပြီးတော့ OLED TVများ နေရာယူလာဦးမည်



လက်ရှိအချိန်တွင် LCDနှင့် Plasmaနည်းပညာသုံး တီဗီများကို လူအများနှစ်ခြိုက်စွာ သုံးစွဲနေကြသော်လည်း အနာဂတ်ကာလ ဧည့်ခန်းများတွင် နေရာယူလာမည့် တီဗီများသည် OLED (Organic Light-Emitting Display) နည်းပညာသုံး တီဗီများသာ ဖြစ်လာပေလိမ့်မည်။ LCDနှင့် Plasmaတီဗီများသည် လက်ရှိ CRTတီဗီများ အသုံးပြုမှု ကျဆင်းသွားသည့် အခြေအနေမျိုး ကြုံလာဖွယ်ရှိပြီး ကမ္ဘာတ၀ှမ်းရှိ တီဗီများအားလုံး OLEDနည်းပညာကိုသာ အသုံးပြုဖွယ်ရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။

OLED

(OLED နည်းပညာသုံး Soney TV)

အနာဂတ် နေအိမ်ဖျော်ဖြေရေး ဈေးကွက်အား လွှမ်းမိုးနိုင်မည့် OLEDနည်းပညာသုံး တီဗီသစ်ကို ယခုအခါ Sonyက ထုတ်လုပ်လိုက်ပြီဖြစ်သည်။ မျက်နှာပြင်အကျယ် (၁၁)လက်မရှိသော အဆိုပါ တီဗီကို ဈေးနှုန်း (၃၄၈၉)ပေါင် သတ်မှတ်ထားပြီး ယခုနှစ်အတွင်း စတင်ရောင်းချနိုင်ရန် စီစဉ်ထားသည်။ OLEDတီဗီသည် Contrastအချိုး ၁၀၀၀၀၀၀း၁ ထိရှိပြီး သာမန်LCDတီဗီ အများစုထက် (၁၀)စ ပိုမိုကြည်လင်သည်။ Bravia XELဟု အမည်ပေးထားသည့် (၃)မီလီမီတာသာ အထူရှိသော ယင်းတီဗီသည် Sonyမှ မကြာသေးမီက ထုတ်လုပ်ထားသည့် Walkmanအိတ်ဆောင် မီဒီယာ Playerလေးတွင် အသုံးပြုထားသော OLEDနည်းပညာကို အခြေခံထားခြင်းဖြစ်သည်။

OLED

(OLED နည်းပညာသုံး screenကို ကွေးညွှတ်နိုင်မည်ဖြစ်သည်)

Sonyက မျက်နှာပြင် ပိုမိုကျယ်ပြန့်လာသော OLEDတီဗီများကို ခရစ်စမတ်ကာလတွင် ပေါင်(၅၀၀၀)၀န်းကျင် ဈေးနှုန်းဖြင့် ၀ယ်ယူသွားနိုင်မည်ဟု ကတိပြုထားသည်။ Panasonicကုမ္ပဏီသည်လည်း လာမည့်နှစ် အတောအတွင်း (၄၀)လက်မ အရွယ်အစားရှိ OLEDများထုတ်လုပ်ရန် ရည်ရွယ်နေသလို Appleကလည်း ရုပ်ရှင်ဖိုင်များ Downloadလုပ်နိုင်မည့် (၁၅)လက်မအရွယ် OLED Notebookများ ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း သတင်းထွက်ပေါ်နေသည်။ ထို့အပြင် Apple၏ နာမည်ကျော် iPodနှင့် iPhoneတို့၏ အနာဂတ်မျိုးဆက်များတွင် OLEDနည်းပညာကို အသုံးပြုသွားရန် ရည်ရွယ်ထားသည်။ OLED

(OLED နည်းပညာ သရုပ်ဖေါ်ပုံ)

OLEDနည်းပညာသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းနှင့်လည်း ကိုက်ညီမှုရှိပြီး စွမ်းအင်သုံးစွဲမှုကို (၄၀)ရာခိုင်နှုန်းအထက် လျှော့ချနိုင်သည်။ OLEDနည်းပညာသည် အလင်းထုတ်လွှတ်နိုင်သည့် ဓာတုပစ္စည်းများ၏ သဘာဝစွမ်းရည်ကို အသုံးချထားပြီး Screenကို ကွေးနိုင်သည်။ ကျွမ်းကျင်သူများက ကမ္ဘာ့နိုင်ငံ အတော်များများတွင် (၂၀၁၂)ခုနှစ် ၀န်းကျင်အတွင်း OLEDတီဗီများကို တွင်ကျယ်စွာ အသုံးပြုနေဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။



0 comments: