လေယာဉ်အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီးနောက် ပျောက်ဆုံးနေခဲ့သည့် ပြင်သစ်လေကြောင်းလိုင်းပိုင် Airbusလေယာဉ်သည် ပျက်ကျသွားခြင်းဖြစ်ကြောင်း လေယာဉ်အား ရှာဖွေနေသူများက အတည်ပြုလိုက်သည်။ အတ္တလန္တစ် သမုဒ္ဒရာရေပြင်တွင် လေယာဉ်မှ ထိုင်ခုံတစ်လုံး၊ ဆီတိုင်ကီ အစိတ်အပိုင်းတစ်ခုနှင့် လေယာဉ်ကိုယ်ထည်မှ အဖြူရောင် အပိုင်းအစများကို ရေပြင်အကျယ် (၃)မိုင်မျှအတွင်းတွင် ဇွန်လ(၂)ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ပြင်သစ်လေကြောင်းလိုင်း ခရီးစဉ်အမှတ် (၄၄၇)သည် ကြမ္မာဆိုးနှင့် တိုးသွားခဲ့သည်မှာ သေချာခဲ့ပြီဖြစ်ကြောင်း ဘရာဇီးလ် ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။
(ဘရာဇီးလ်လေတပ်မှ ရှာဖွေရေးပြုလုပ်စဉ်)
ဘရာဇီးလ်လေတပ် တိုက်လေယာဉ်မှူးများက နိုင်ငံ၏ အရှေ့မြောက်ဘက် ကမ်းရိုးတန်းမှ ရေမိုင်(၄၀၀)ကျော် ကွာဝေးသောအရပ်တွင် လှိုင်းနှင့်အတူ မျောပါလှုပ်ရှားနေသော အဆိုပါ အစိတ်အပိုင်းများကို ကြေကွဲဖွယ်ရာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုမြင်ကွင်းသည် မေလ(၃၀)ရက်နေ့က လေယာဉ်နှင့်အတူ ပါသွားခဲ့သော ခရီးသည် (၂၂၈)ဦးတို့သည် ရေအောက်မပြန်လမ်းသို့ အပြီးတိုင် ရောက်ရှိသွားခြင်း၏ သင်္ကေတလည်း ဖြစ်လာခဲ့သည်။
(ဘရာဇီးလ်လေတပ်မှ ရှာဖွေရေးပြုလုပ်စဉ်)
ပြင်သစ်လေကြောင်း၏ (၇၅)နှစ်တာ သမိုင်းကြောင်းတွင် အကြီးမားဆုံး လေယာဉ်ပျက်ကျမှုကြီး ဖြစ်လာခဲ့သော အဆိုပါလေယာဉ်သည် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှ ပဲရစ်သို့ ဦးတည်ပျံသန်းစဉ် လျှပ်စစ်မုန်တိုင်းနှင့်တိုးပြီး မိုးကြိုးပစ်ခံရကာ သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ခန့်မှန်းထားကြသည်။ ဘရာဇီးလ် ကာကွယ်ရေး ၀န်ကြီး နယ်လ်ဆင်ဂျိုဘင်က ရေပြင်တွင် ပြန့်ကြဲနေသည့် လေယာဉ်ပျက် အစိတ်အပိုင်းများကို ရှာဖွေနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လေယာဉ်မှ ခရီးသည်များ၏ အလောင်းများကို မတွေ့ရှိသလို အသက်ရှင်ကျန်နေသူ တစ်ဦးကိုမှလည်း မတွေ့ကြောင်း ပြောကြားခဲ့သည်။
(ရှာဖွေကယ်ဆုယ်ရေး ပြုလုပ်ရန် ပြင်ဆင်နေသည့် ဘရာဇီးလ်စစ်သားများ)
သို့သော်လည်း အဆိုပါ လေယာဉ်ပျက်အား ဆယ်တင်ရေးမှာ ကြီးမားသော စိန်ခေါ်မှုကြီး တစ်ခုသဖွယ် ဖြစ်နေသေးသည်။ လေယာဉ်ပျက် အစိတ်အပိုင်းများအား တွေ့ရှိခဲ့သော နေရာတွင် ရေအနက်မှာ မီတာ(၇၀၀၀) [ပေပေါင်း(၂၂၉၆၆)ပေ]ထိ အနက်ရှိကြောင်း ပြင်သစ်နိုင်ငံ ၀န်ကြီးချုပ် ဖရန်ကွိုက်စ် ဖီလန်က ပါလီမန် အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။ လေယာဉ်၏ မှတ်တမ်းများကို သိမ်းဆည်းထားသည့် သေတ္တာနက် (Black box)ကို မတွေ့သေးမခြင်း လေယာဉ်ပျက်ကျရခြင်း၏ အကြောင်းရင်းကို ဖော်ထုတ်နိုင်ဦးမည် မဟုတ်ချေ။ သို့တိုင်အောင် လေကြောင်းပျံသန်းမှုနှင့် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက လေယာဉ်သည် တစ်နာရီလျင် မိုင်(၁၀၀)နှုန်းထိ အရှိန်ပြင်းစွာ တိုက်ခတ်နေသော လေပြင်းနှင့် တိုးသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။
(လေယာဉ်ပေါ်တွင် ဆွေမျိုးသားချင်းပါသွားသဖြင့် ပူဆွေးနေသူနှစ်ဦး)
ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး အသက်ရှင်သူ လုံးဝ မတွေ့ရှိခဲ့ပါက ယခုလေယာဉ်ပျက်ကျမှုသည် (၂၀၀၁)ခုနှစ်၊ နိုဝင်ဘာလအတွင်းက အမေရိကန် လေကြောင်းလိုင်း၏ နယူးယော့ခ်နှင့် ကွင်းသို့ပျံသန်းသော လေယာဉ်ပျက်ကျပြီး လူဦးရေ (၂၆၅)ဦး သေဆုံးရသည့် ခရီးသည်တင် လေယာဉ်ပျက်ကျမှုနောက်ပိုင်း ကမ္ဘာပေါ်တွင် လူသေနှုန်းအများဆုံး လေယာဉ်ပျက်ကျမှုအဖြစ် မှတ်တမ်းဝင်လာတော့မည်ဖြစ်သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment