နှစ်(၅၀၀)အတွင်း အချိန်အကြာဆုံး နေကြတ်မှု တရုတ်နိုင်ငံမှ မြင်တွေ့နိုင်မည်


Posted on Jul 01 09
နှစ်(၅၀၀)အတွင်း အချိန်အကြာဆုံး နေကြတ်မှု တရုတ်နိုင်ငံမှ မြင်တွေ့နိုင်မည်


ဇူလိုင်လ (၂၂)ရက်နေ့တွင် ဖြစ်ပေါ်မည့် အပြည့်အ၀နေကြတ်ခြင်းကို တရုတ်နိုင်ငံမှ မြင်တွေ့ခွင့်ရရှိမည်ဖြစ်ပြီး ထိုအခြေအနေသည် တစ်သက်တာအတွက် တစ်ကြိမ်သာ အကြာဆုံး ကြုံရခြင်းလည်း ဖြစ်လာနိုင်သည်ဟု သိရသည်။ တရုတ်နက္ခတ်ဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ၀မ်ဆီချွိုင်က ယခုကဲ့သို့ အပြည့်အ၀ နေကြတ်မှု ဖြစ်စဉ်သည် နှစ်ပေါင်း(၅၀၀)ခန့်အတွင်း ယခုတစ်ကြိမ်သည် ကာလအကြာမြင့်ဆုံး ဖြစ်လာမည်ဟု ပြောကြားသွားသည်။ ၀မ်က နေကြတ်မှုဖြစ်စဉ်အား အချိန်အတန်ကြာ မြင့်တွေ့နိုင်မည်ဖြစ်ပြီး ထိုနေ့၏ ဘေဂျင်းစံတော်ချိန် နံနက်(၉း၀၀)နာရီမှ (၉း၃၈)နာရီထိ မိနစ်(၄၀)နီးပါး တွေ့မြင်ရနိုင်ကြောင်း ခန့်မှန်းထားသည်။ ၀မ်သည် တရုတ်အမျိုးသား သိပ္ပံအကယ်ဒမီလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်သည့် နန်ဂျင်းမြို့အခြေစိုက် Purple Mountain နက္ခတ်ဗေဒ လေ့လာရေးစခန်းမှ ပညာရှင် တစ်ဦးလည်းဖြစ်သည်။ “နေကြတ်ချိန်က မိနစ်(၄၀)လောက်ကြာပြီး လုံးဝနေကြတ်သွားတာကိုတော့ (၆)မိနစ်လောက်ကြာအောင် တွေ့ရမှာပါ။ ဒီကာလဟာ တရုတ်ပြည်အတွက် (၁၈၁၄)ခုနှစ်ကနေ (၂၃၀၉)ခုနှစ်အတွင်း အကြာဆုံးတွေ့ရတာလည်း ဖြစ်လာပါလိမ့်မယ်”ဟု ၀မ်က ရှင်းပြခဲ့သည်။ ၀မ်က ထိုဖြစ်စဉ်အား တရုတ်ပြည်၏ အနောက်တောင်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ဘက်ရှိ တိဘက်၊ ဟူနန်၊ ဂျင်စုတို့အပါအ၀င် ဒေသကြီး (၁၁)ခုမှ တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ရှန်ဟိုင်းဒေသခံများသည် အပြည့်အ၀ နေကြတ်ခြင်းဖြစ်စဉ်ကို ထင်ထင်ရှားရှား ကိုယ်တွေ့ကြုံရနိုင်ကြောင်း ၀မ်ကဆိုသည်။ နေကြတ်ခြင်းသည် ကမ္ဘာနှင့်နေကြား လက၀င်ရောက်လာချိန်တွင် လ၏အရိပ် ကမ္ဘာပေါ်ထိုးကျပြီး နေကိုမမြင်ရတော့သည့် ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။ အပြည့်အ၀ နေကြတ်ခြင်း ဖြစ်စဉ်အရ နေ၊ လ၊ ကမ္ဘာတို့သည် မျဉ်းတပြေးတည်း ကျရောက်နေပြီး နေလုံးမှာ လ၏ဖုံးကွယ်မှုကြောင့် လုံးဝပျောက်ကွယ်သွားကြောင်း သိရသည်။ ၀မ်က တရုတ်နိုင်ငံမှ နောက်တစ်ကြိမ် အပြည့်အ၀ နေကြတ်မှုအား တွေ့ရမည့်အချိန်သည် (၂၀၃၄)ခုနှစ်၊ မတ်လ(၂၀)ရက်နေ့လောက်မှ ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသွားသည်။ “မြို့ပြနဲ့ အလှမ်းဝေးတဲ့ တိဘက်နဲ့ ကွင်ဟိုင်းလို နေရာတွေက ပိုပြီးထင်ထင်ရှားရှား မြင်ရနိုင်ပါတယ်။ အပြည့်အ၀နေကြတ်တာကို မြင်ရတဲ့အချိန်က နိုင်ငံထဲမှာရှိတဲ့ မြို့တစ်မြို့နဲ့တစ်မြို့ တည်နေရာအလိုက် ကွာသွားမှာပါ”ဟုလည်း ၀မ်ကဆိုသည်။ တရုတ်နိုင်ငံအနေနှင့် အပြည့်အ၀ နေကြတ်မှုဖြစ်စဉ်အား နောက်ဆုံးတွေ့မြင်ခဲ့ရသည်မှာ ပြီးခဲ့သည့်နှစ် ဩဂုတ်လ (၁)ရက်နေ့ကဖြစ်သည်။

http://www.planet.com.mm/news/read.cfm/id/12887

0 comments: