ဂျာမနီနိုင်ငံက မြေခွေးလေးတစ်ကောင်ဟာ ကြံကြံဖန်ဖန် ဖိနပ်တွေ လိုက်ခိုးပြီး စုထားတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီမြေခွေးလေးဟာ ဂျာမနီနိုင်ငံ အနောက်ပိုင်းက မြို့လေးတစ်ခုဖြစ်တဲ့ ဖိုးရန်းမြို့နားက တောထဲမှာ နေတာပါ။ သူခိုးထားတဲ့ဖိနပ် အရေအတွက်က (၁၁၀)ကနေ (၁၂၀)လောက်ထိ ရှိတယ်လို့လည်း သိရပါတယ်။ ဇွန်လ(၁၂)ရက်နေ့တုန်းက သစ်တောဝန်ထမ်းတစ်ယောက်ဟာ အဲဒီမြေခွေးလေးနေတဲ့ သားရဲတွင်းကို အမှတ်မထင် တွေ့မိလို့ ၀င်ကြည့်တော့မှ ဖိနပ်ပေါင်း (၁၀၀)ကျော်လောက်ကို အစုလိုက် အပုံလိုက် တွေ့ခဲ့ရတာပါ။ အဲဒီသစ်တောဝန်ထမ်းက အဲဒီသားရဲတွင်းရှေ့မှာ ကျကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ရံကို တွေ့ပြီးတော့မှ အထဲကို ၀င်ကြည့်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး အဲဒီဖိနပ်လေးဟာ လောလောလတ်လတ်ပဲ အိမ်တစ်အိမ်အိမ်ရဲ့ တံခါးပေါက်ရှေ့မှာ ချွတ်ထားရာက အခိုးခံလာရတာ ဖြစ်နိုင်တယ်လို့ အဲဒီသစ်တောဝန်ထမ်းက မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဲတွေပါ သားရဲတွင်းဆီ ရောက်လာပြီး ဖိနပ်တွေကို စစ်ဆေးကြပါတယ်။ ဖိနပ်တွေဟာ လေဒီရှူးကနေ အားကစားဖိနပ်အထိ အမျိုးစုံ ရှိနေပြီး ဘယ်အချိန်ကတည်းက မြေခွေးလေးဟာ ဖိနပ်တွေကို ခိုးနေမှန်း ရဲတပ်ဖွဲ့က မခန့်မှန်းနိုင်သေးပါဘူး။ “မြေခွေးဟာ အမဖြစ်ပြီး သူ့ကလေးတွေ ဆော့ဖို့အတွက် ခုလိုဖိနပ်တွေ ခိုးခိုးလာတာ ဖြစ်မယ်”လို့ ဒေသခံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။ အဲဒီမြို့လေးမှာ ဖိနပ်ပျောက်မှုတွေ ခဏခဏ ဖြစ်ခဲ့ပေမယ့် လက်သည်မပေါ်တာတော့ ကြာပါပြီ။ ခုပြန်တွေ့တဲ့ ဖိနပ်တွေ အတော်များများဟာ အကောင်းအတိုင်းပဲ ရှိနေသေးတာကြောင့် ဖိနပ်ပိုင်ရှင်တွေကို ပြန်ပေးတဲ့အခါ ၀မ်းသာကြလိမ့်မယ်လို့လည်း အဲဒီတာဝန်ရှိပုဂ္ဂိုလ်က ပြောသွားခဲ့ပါတယ်။
http://www.planet.com.mm/news/read.cfm/id/12775
1 comments:
အဲဒီလို မြေခွေး အကောင်လေးတွေ ကျွန်တော်တို့ အဆောင်နောက်မှာ တွေ့ဖူးတယ်..။ လူကို သိပ်မကြောက်တတ်ဘူး..။ ရန်လည်း မမူဘူး။..
Post a Comment