ပလတ်စတစ်ဘူးသောက်ရေသန့်များသောက်သုံးခြင်း ကျန်းမာရေးထိခိုက်နိုင်

.
Posted on Jun 08 09 ပလတ်စတစ်ဘူးသောက်ရေသန့်များသောက်သုံးခြင်း ကျန်းမာရေးထိခိုက်နိုင်



ပလတ်စတစ်ဘူးများဖြင့် ထည့်သွင်းထားသည့် သောက်ရေသန့်များကို သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဟိုမုန်းများ ယိမ်းယိုင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။ Bisphenol A(BPA)ဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးသည် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် သိုလှောင်ပစ္စည်းများတွင် အများဆုံးပါဝင်တတ်ပြီး ၎င်းဓာတ်သည် လူ့ခန္ဓာကိုယ်ရှိ ဟိုမုန်းတည်ဆောက်မှုကို ကမောက်ကမ ဖြစ်စေတတ်ကြောင်း ပညာရှင်များက လက်ခံထားကြသည်။ BPAသည် ရေသန့်ဘူးများတွင်သာမက နေ့စဉ်ထိတွေ့နေရသည့် ပလတ်စတစ် ဘူးခွက်များဖြစ်သော ရေဘူး၊ ထမင်းဘူးများနှင့် ကလေးနို့ဘူးများတွင်ပါ ပါဝင်နေလေ့ရှိသည်။ BPAအား အချို့နိုင်ငံများတွင် တရားဝင် အဆိပ်အတောက် ပစ္စည်းအဖြစ် အသိအမှတ်ပြု ပြဌာန်းထားသည်။ ဟားဗတ်ဆေးကျောင်းမှ သုတေသီများသည် ရေသန့်ဘူးမှ ရေကို တစ်ပါတ်တိတိ ဆက်တိုက်သောက်စေခဲ့သော ကျောင်းသူ(၇၇)ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့၏ ဆီးအတွင်းတွင် BPAပမာဏသည် ရှိသင့်သည်ထက် (၆၉)ရာခိုင်နှုန်း ပိုများနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း (၇)ရက်အတွင်း ရေပမာဏ မည်မျှသောက်စေခဲ့သည်ကို ပညာရှင်များက မကြေညာခဲ့ပေ။ BPAသည် အမျိုးသမီးများ သားဖွားရာတွင် အခက်အခဲဖြစ်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း ယခင်သုတေသန ရလဒ်များအရ ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ တိုးမြင့်လာခြင်းနှင့် သွေးတိုးရောဂါတို့နှင့်လည်း ဆက်စပ်နေကြောင်း သိရသည်။ ဟားဗက်မှ ပါမောက္ခဖြစ်သူ ကာရင်မိုက်ကယ်လ်စ်က “Polycarbonate ဒြပ်ပေါင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပလတ်စတစ် ရေသန့်ဘူးတွေမှာ BPAပမာဏ ထင်ထာထက် ပိုများနေတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက ကလေးနို့ဘူးများအတွင်း ထည့်ဖျော်သော နို့၏အပူချိန်နှင့် ရေဘူးများအတွင်းမှ အေးခဲစေသည့် ရေတို့ကြောင့် BPAသည် အဆိုပါ နို့၊ ရေတို့နှင့် ပိုမိုဓာတ်ပြု ပေါင်းစပ်သွားကြောင်းလည်း ရှင်းပြခဲ့သည်။ BPAသည် အပူချိန် အပြောင်းအလဲများပါက အခြားဒြပ်များနှင့် ဓာတ်ပြုရန် ပိုလွယ်ကြောင်းလည်း သိရသည်။ ထိုအခြေအနေကြောင့် ရေသန့်ဘူးများကို ပလတ်စတစ်ဖြင့် ပြုလုပ်နေမှုအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဟု ပါမောက္ခကာရင်က ပြောဆိုခဲ့သည်။ ကနေဒါနိုင်ငံ အစိုးရသည် ယမန်နှစ်အတွင်းက BPAကို အဆိပ်အဖြစ် သတ်မှတ်ပြီး တရားဝင် ပိတ်ပင်ထားကြောင်းလည်း သတင်းရရှိသည်။

http://www.planet.com.mm/news/read.cfm/id/12688

0 comments: