အီရန်ဗလီဝတ်ကျောင်း ဗုံးခွဲမှုတရားခံများအား လူမြင်ကွင်းတွင်ကြိုးပေးစီရင်

.
Posted on Jun 01 09
အီရန်ဗလီဝတ်ကျောင်း ဗုံးခွဲမှုတရားခံများအား လူမြင်ကွင်းတွင်ကြိုးပေးစီရင်



လူ(၂၅)ဦး သေဆုံးစေခဲ့သည့် ဗလီဝတ်ကျောင်း ဗုံးခွဲမှုအား အကောင်အထည်ဖော်ခဲ့သူ (၃)ဦးအား အီရန်နိုင်ငံ အစိုးရက လူမြင်ကွင်းတွင် ကြိုးပေးစီရင်လိုက်ကြောင်း သိရသည်။ မေလ(၂၈)ရက်နေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်၏ အရှေ့တောင်ဘက် မိုင်(၁၀၀၀)အကွာရှိ ဇာဟီဒန်တွင်ရှိသော ဗလီကျောင်းတစ်ခုကို အဆိုပါလူ(၃)ဦးက ဖောက်ခွဲရေးကိရိယာများနှင့် ဗုံးခွဲခဲ့ခြင်းဖြစ်ကြောင်း ဇာဟီဒန်တရားရုံးမှ တရားသူကြီး အီဘရာဟင် ဟာမီဒီက ပြောကြားခဲ့သည်။

Iran

၎င်းတို့အား ဗလီကျောင်း မပေါက်ကွဲခင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ထိုကျောင်းအတွင်း ဗုံးထောင်ပြီး ဖြစ်နေသဖြင့် ကယ်ဆယ်ရေး အချိန်မီ မဆောင်ရွက်နိုင်ခဲ့ဟု ဟာမီဒီက ဆိုသည်။ ထိုဗုံးခွဲမှုတွင် ၎င်းတို့(၃)ဦးအား ကြိုးကိုင်နေသည့် အဖွဲ့အစည်း ရှိနေနိုင်သေးကြောင်းလည်း ဟာမီဒီက အရိပ်အမြွက် ပြောဆိုခဲ့သည်။ အီရန် အစိုးရကမူ ထိုဗုံးခွဲမှုအား အမေရိကန်အစိုးရက စီစဉ်ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများကို အခကြေးငွေပေးကာ ငှားရမ်းခဲ့ကြောင်း စွပ်စွဲထားသည်။

Iran

မေလ(၃၀)ရက်နေ့က ကြိုးပေးခံခဲ့ရသည့် ဟာဂျီနူတီဇာဟီ၊ ဂိုလမ်ရာဆိုးလ်ရှာဟူးဇာဟီနှင့် ဇာဘီဟိုလာနာရိုရီတို့ (၃)ဦးသည် (၂၀၀၆)ခုနှစ်က ဘတ်စ်ကားတစ်စင်းအား ဗုံးထောင်မှု အပါအ၀င် အဖျက်လုပ်ငန်း အတော်များများကို ကျူးလွန်ခဲ့ဖူးကြောင်းလည်း ဟာမီဒီက ပြောကြားခဲ့သည်။ ထို(၃)ဦးလုံးကို ဇာဟီဒန်မြို့လယ်ရှိ လူအများ မြင်သာသောနေရာတွင်ပင် ကြိုးပေးသတ်ခဲ့ခြင်းဖြစ်သည်။ အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် ဂျွန်ဒါလာ(ခေါ်) ဘုရားသခင်၏ တပ်မတော် အမည်ရှိ ဆွန်နီမွတ်ဆလင် အဖွဲ့တစ်ခုက ထိုဗုံးခွဲမှုအား ၎င်းတို့ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။ အီရန် အစိုးရကမူ အမေရိကန်အပြင် အစ္စရေး အစိုးရကပါ အီရန်တွင် အဖျက်လုပ်ငန်းများ ပြုလုပ်ရန် ဆွန်နီမွတ်ဆလင်တို့အား ထောက်ပံ့နေကြောင်း ပြစ်တင်စွပ်စွဲထားသည်။



0 comments: