ထိုင်းနိုင်ငံတောင်ပိုင်း ဗလီဝတ်ကျောင်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား


Posted on Jun 09 09
ထိုင်းနိုင်ငံတောင်ပိုင်း ဗလီဝတ်ကျောင်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား



ထိုင်းနိုင်ငံတောင်ပိုင်းတွင် တည်ရှိသော ဗလီဝတ်ကျောင်း တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားရာ လူ(၁၀)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ ဇွန်လ(၈)ရက်နေ့ညက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း နောက်ထပ်လူ (၁၃)ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။ ဒေသစံတော်ချိန် ည(၈)နာရီခွဲတွင် သေနတ်သမား (၅)ဦးတို့သည် ခြေမှုန်းရေး ရိုင်ဖယ်လ်များ ကိုင်ဆောင်ပြီး နာရာသီဝတ်ဒေသရှိ အီဘာရီရွာမှ ဗလီဝတ်ကျောင်း နောက်ဘက်တံခါးမှဝင်ရောက်ကာ ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် တိုက်ခိုက်မှု စတင်ချိန်တွင် ၀တ်ကျောင်းအတွင်း ၀တ်ပြုဆုတောင်းနေသူ (၅၀)မျှရှိပြီး သေနတ်သမားများက မွှေ့ယမ်းပစ်ခတ်မှုကို ခံခဲ့ရသည်။ (၄)ဦးသည် ပွဲချင်းပြီး သေဆုံးပြီး (၆)ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရသူများမှာလည်း အခြေအနေ ဆိုးရွားကြောင်း နာရာသီဝတ် ရဲတပ်ဖွဲ့က ကြေညာသည်။

Thailand

(ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ)

ထောက်လှမ်းရေး တပ်ဖွဲ့များက ၀တ်ကျောင်းအတွင်း ၀င်ရောက်ပစ်ခတ်ပြီး အနီးအနား တောအုပ်သို့ ထွက်ပြေးကာ ကိုယ်ရောင်ဖျောက်သွားသည့် သေနတ်သမားများသည် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာဝင်များကြား အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် အကွက်ချ စီမံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များကမူ အဆိုပါ သေနတ်သမားများအား ဖမ်းဆီးရမိရန် အပြင်းအထန် ခြေရာခံ စုံစမ်းနေဆဲဖြစ်သည်။ ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး ပရီညာချာဒီလော့ခ်က ထိုင်းစစ်တပ်မှ တပ်ခွဲတစ်ခုသည် ထိုကိစ္စအတွက် စစ်ဆင်ရေးတစ်ခုအဖြစ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဗလီအတွင်း ပစ်ခတ်ပြီး ထွက်ပြေးသွားသည့် သေနတ်သမားများသည် အခင်းဖြစ်ရာ ဒေသနှင့် နီးစပ်ပြီး ထိုဒေသကို ရင်းနှီးကျွမ်းဝင်သူများ ဖြစ်နိုင်ကြောင်း မှတ်ချက်ချခဲ့သည်။ ဗလီဝတ်ကျောင်း တိုက်ခိုက်ခံရသည့်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက်သမားများဟု ယူဆရသော သေနတ်သမားများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် နာရာသီဝတ်မှ ဒေသခံတစ်ဦး သေဆုံးပြီး စစ်သား(၇)ဦး ဒဏ်ရာရခဲ့သေးသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဆွန်ဂလားခရိုင်တွင် ယာလာ၊ ပတ်တာနီ၊ နာရာသီဝတ်ဆိုသော ဒေသ(၃)ခု ပိုင်းခြားပါဝင်နေပြီး အကြမ်းဖက် ပစ်ခတ်မှုများကြောင့် (၂၀၀၄)ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းတွင် သေဆုံးသူဦးရေ (၃၅၀၀)ကျော်ထိ ရှိနေကြောင်း ထိုင်းစစ်ဘက်က ကြေညာထားသည်။

http://www.planet.com.mm/news/read.cfm/id/12711




0 comments: