ပြင်သစ်ခရီးသည်တင်လေယာဉ်ပျက်ကျမှု နောက်ဆက်တွဲသတင်းများ


Posted on Jun 05 09
ပြင်သစ်ခရီးသည်တင်လေယာဉ်ပျက်ကျမှု နောက်ဆက်တွဲသတင်းများ



မေလ(၃၀)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခဲ့သည့် ပြင်သစ်လေကြောင်း ခရီးစဉ်အမှတ် (၄၄၇)သည် လေထဲတွင်ပင် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဇွန်လ(၃)ရက်နေ့က ဘရာဇီးလ် သတင်းဌာနများက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်သည် ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုးမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်သို့ ဦးတည်ပျံသန်းစဉ် ဘရာဇီးလ်အရှေ့မြောက်ကမ်းခြေမှ ကီလိုမီတာ (၁၂၀၀)ခန့်အကွာတွင် လေထုအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး သမုဒ္ဒရာထဲ ထိုးကျသွားခြင်းဖြစ်သည်။ လေယာဉ်မပျက်ကျမီ (၄)ရက်အလိုက ပြင်သစ်လေကြောင်း ဌာနချုပ်သို့ လေပေါ်ရောက်နေသည့် လေကြောင်းလိုင်းပိုင် လေယာဉ်ပျံတစ်စင်းအား ဗုံးဖောက်ခွဲမည်ဟု ခြိမ်းခြောက်မှုတစ်ခု ရောက်ရှိလာခဲ့သေးပြီး ထိုစဉ်က လေယာဉ်မှာ ဘေးမသီရန်မခ ဆင်းသက်နိုင်ခဲ့သည်။ ထို့ကြောင့် လေကြောင်းပျံသန်းမှု အရာရှိများက ယခုလေယာဉ်သည် အကြမ်းဖက်သမားများ၏ ဗုံးထောင်မှုတစ်ခု ဟုတ်မဟုတ်ကို အသေအချာ စစ်ဆေးခဲ့ကြသည်။

French Plane

(လေယာဉ်ပျက်ကျမှုအား ရှင်းလင်းသုံးသပ်စဉ်)

သို့သော်လည်း လေယာဉ်ပေါက်ကွဲခြင်းသည် ဗုံးကြောင့်မဟုတ်ဘဲ လေထုဖိအား ပြောင်းလဲသွားခြင်းကြောင့် ကိုယ်ထည်များ မခံနိုင်ဘဲ ပွင့်ထွက်သွားခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များကဆိုသည်။ အဆိုပါ လေယာဉ်ပျက်ကျရာ နေရာတွင် တည်ငြိမ်လျှပ်စစ် ကိန်းအောင်းနေသည့် အမည်းရောင် တိမ်တိုက်ကြီးတစ်ခု ဖြစ်ထွန်းနေကြောင်း ရာသီဥတုဌာနက ကြေညာထားသလို တစ်နာရီ မိုင်(၁၀၀)နှုန်း တိုက်ခတ်နေသည့် လေပြင်းမုန်တိုင်းတစ်ခုလည်း ပေါ်ပေါက်နေကြောင်း သတိပေးထားခဲ့သည်။ ထိုလေယာဉ်သည် အဆိုပါ လေပြင်းနှင့်တိုးပြီး မိုးကြိုးပါ ပစ်ခံခဲ့ရခြင်းဖြစ်မည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ယူဆထားဆဲဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ လေယာဉ်၏ ဖြစ်စဉ်အဆင့်ဆင့်ကို မှတ်တမ်းတင်ထားသည့် သေတ္တာနက်ကို အသည်းအသန် ရှာဖွေနေကြဆဲဖြစ်သည်။ လေယာဉ်ပျက်ကျရာ နေရာအနီးတစ်ဝိုက်သည် မီတာ(၂၀၀၀)မှ (၆၀၀၀)အထိ အနက်ရှိသောကြောင့် သေတ္တာနက် ရှာဖွေရေး လုပ်ငန်းစဉ်များမှာ ယခုတိုင် ခက်ခဲနေဆဲဖြစ်သည်။

French Plane

(လေယာဉ်ပျက်အစိတ်အပိုင်းများ ရှာဖွေသည့်ကရိယာ)

ခရီးသည် (၂၂၈)ဦး သေဆုံးခဲ့ရသည့် အဆိုပါလေယာဉ် ဖြစ်ရပ်ဆိုးကြီး၏ သတင်းကို ဘရာဇီးလ် မီဒီယာများက ဖော်ပြခဲ့ရာတွင် လေကြောင်းထိန်းသိမ်းမှုမျှော်စင်မှ လေယာဉ်အဆက်အသွယ် ပြတ်တောက်သွားပြီး (၁၀)မိနစ် ကြာသောအချိန်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း အလိုအလျောက် အချက်ပြသည့် စနစ်က သတင်းပို့ခဲ့ကြောင်း ပါရှိသည်။ နောက်ထပ် (၃)မိနစ်အကြာတွင် လေယာဉ်၏ အမြန်နှုန်း ထိန်းသိမ်းမှုနှင့် အခြားသော စနစ်အချို့ ချုပ်ငြိမ်းသွားပြီဖြစ်ကြောင်း အလိုအလျောက် သတင်းပေးပို့မှု ရောက်ရှိလာခဲ့သည်။ နောက်ဆုံးအနေနှင့်မူ လေဖိအား ကျဆင်းခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စနစ်အားလုံး ပျက်စီးသွားခြင်းအတွက် နောက်ထပ်အချက်ပြမှု ရရှိခဲ့ပြန်သည်။ ထိုအရာသည် ကမ္ဘာပေါ်မှ အပြီးတိုင် ကွယ်ပျောက်သွားသည့် လူ(၂၂၈)ဦး၏ ကံကြမ္မာကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်ကြောင်း သတင်းများက ရေးသားခဲ့သည်။

French Plane

(လေယာဉ်ပျက်ကျရာနေရာပြမြေပုံ)

ယခုအခါ လေယာဉ်၏ ရေအောက်သင်္ချိုင်းကို ရှာဖွေဖော်ထုတ်ရန် ဘရာဇီးလ်နှင့်ပြင်သစ် ရေတပ်နှင့် လေတပ်များက အပြင်းအထန် ကြိုးပမ်းနေဆဲဖြစ်သည်။ စစ်ဘက်ရဟတ်ယာဉ်များသည် လေယာဉ်မှ ကျန်ရစ်ခဲ့သည့် လောင်စာဆီများ ရေမျက်နှာပြင်ထက်တွင် အကြောင်းလိုက် စီးဆင်းနေသည်ကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ သင်္ဘောများကလည်း လေယာဉ်ပျက်မှ အစိတ်အပိုင်းများကို ဆယ်ယူမှုများ ပြုလုပ်နေကြသည်။ ဘရာဇီးလ်ရေတပ်မှ ရေငုပ်သမားများကမူ လေယာဉ်ပျက်ကိုယ်ထည်နှင့် သေတ္တာနက်ကို ကြိုးစားရှာဖွေနေဆဲဖြစ်သည်။ လေယာဉ်အနေနှင့် ရေအနက် မီတာ(၆၀၀၀)အထိ ရှိသောနေရာသို့ ကျဆင်းမသွားစေရန် ရေတပ်က မျှော်လင့်ထားကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

French Plane

(လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူတို့၏ ဆွေမျိုးများအား ဘရာဇီးလ်နိုင်ငံ ဘုရားကျောင်းတစ်ခုတွင် စုံရုံးလျက်တွေ့ရစဉ်)

ထိုလေယာဉ်ပျက်ကျမှုသည် ပြင်သစ်လေကြောင်း၏ (၇၅)နှစ်တာ သမိုင်းတလျှောက် အဆိုးဆုံးဖြစ်ပြီး (၂၀၀၁)ခုနှစ်နောက်ပိုင်း ကမ္ဘာပေါ်တွင် လူသေပျောက်မှု အများဆုံး လေယာဉ်မတော်တဆမှု ဖြစ်ရပ်ဆိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ လေယာဉ်တွင် ပါသွားသည့် ပြင်သစ်နိုင်ငံသားများ၏ ကျန်ရစ်သူ မိသားစုများသည် ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော် နော်တာဒိမ်း ဘုရားကျောင်းကြီးတွင် ကံဆိုးသူတို့အတွက် ကြေကွဲစွာ ဆုမွန်ကောင်း တောင်းပေးသည့် အခမ်းအနားတစ်ရပ်ကို ဇွန်လ(၃)ရက်နေ့က ကျင်းပခဲ့ရာ ပြင်သစ်နိုင်ငံ သမ္မတကြီး နီကိုလက်စ် ဆာကိုဇီနှင့် ဇနီးသည် ကာလာဘရူနီ ဆာကိုဇီတို့လည်း တက်ရောက်ခဲ့ကြသည်။

French Plane

(လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူများအတွက် ဆုတောင်းပွဲသို့ တက်ရောက်လာသည့် ပြင်သစ်သမ္မတဇနီးမောင်နှံ)

ပြင်သစ်အစိုးရက အဆိုပါကိစ္စအတွက် အထူးဝမ်းနည်းကြောင်း ကြေညာခဲ့သလို သမ္မတကြီးကလည်း ပူဆွေးဝမ်းနည်းနေသည့် ကျန်ရစ်သူ မိသားစုများကို လိုက်လံနှစ်သိမ့် အားပေးခဲ့သည်။ ပြင်သစ် ကာကွယ်ရေး ၀န်ကြီးဌာနကမူ လေယာဉ်နှင့် ပတ်သတ်သော သတင်းများအားလုံးသည် ဖြစ်နိုင်ခြေကို ခန့်မှန်းထားမှုသာဖြစ်ပြီး သေတ္တာနက်ကို ရှာဖွေတွေ့ရှိမှသာ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။ နောက်ဆုံးသိရှိရသော သတင်းများအရ ဘရာဇီးလ်စစ်တပ် ရှာဖွေရေးအဖွဲ့သည် ပြင်သစ်ခရီးသည်တင်လေယာဉ်၏ အပိုင်းအစအချို့ကို ပထမဆုံးအနေဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ ဘရာဇီးလ်စစ်တပ် ရဟတ်ယာဉ်ဖြင့် ရှာဖွေရေးအဖွဲ့မှ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ဖာနန်ဒိုကျွန်း၏ အရှေ့မြောက်ဘက် (၅၅၀)ကီလိုမီတာအကွာတွင် လေယာဉ်ပျက် အပိုင်းအစအချို့ကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

http://www.planet.com.mm/news/read.cfm/id/12671


0 comments: