ထောင်ထမင်းစားချင်လို့ ပစ္စည်းခိုးတဲ့ အလုပ်လက်မဲ့


Posted on Jun 18 09
ထောင်ထမင်းစားချင်လို့ ပစ္စည်းခိုးတဲ့ အလုပ်လက်မဲ့


တရုတ်တိုင်ပေမှ အလုပ်လက်မဲ့ တစ်ဦးသည် ထောင်ကျခံချင်သော ရည်ရွယ်ချက်ဖြင့် ခိုးမှုကျူးလွန်ခဲ့ကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဇွန်လ(၁၆)ရက်နေ့က တိုင်ပေထုတ် Liberty Timesသတင်းစာအရ ဆူဟိုလန် အမည်ရှိ အဆိုပါ အမျိုးသားသည် ချည်ထည်များ ပါရှိသည့် သေတ္တာတစ်လုံးကို တမင်ခိုးယူခဲ့ပြီး ရည်ရွယ်ချက်မှာ ယခင်တစ်ခေါက် အချုပ်ကျစဉ်က ရဲစခန်းတွင် ထမင်းကျွေးခဲ့သည်ကို အမှတ်ရနေသောကြောင့်ဟု သိရသည်။ နေစရာအိမ်မရှိသည့် အဆိုပါ ပုဂ္ဂိုလ်သည် ဇွန်လ(၁၄)ရက်နေ့ကလည်း ဖိနပ်တစ်ရံကို ခိုးယူရန် ကြိုးစားခဲ့ပြီး ထိုကိစ္စအတွက် အချုပ်ကျခံနေရစဉ် ရဲများက အချုပ်ထမင်း ကျွေးခဲ့သည်ကို အမှတ်ရကာ ယခုလို ကြံစည်ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်။ ထိုစဉ်က ၎င်းအား တစ်ရက်သာ ချုပ်ထားပြီး ရဲဌာနက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့က ပြစ်မှုအသေးအမွှားလေးတွေနဲ့ ဖမ်းမိတဲ့လူတွေဆို နောင်ကြဉ်ရုံလောက် ခဏချုပ်ထားပြီး အစားအသောက်လေးဘာလေး ကျွေးပြီးတော့ ပြန်လွှတ်လိုက်တာပါပဲ။ အဲဒါကို သူက သဘောကျနေတာဆိုတော့ ဘယ်လိုဆက်လုပ်ရမလဲ မသိတော့ဘူး”ဟု ဆိုင်ညီးခရိုင် ရဲဌာနမှ အရာရှိတစ်ဦးကဆိုသည်။ ဆူသည် အလုပ်မရှိ၊ နေစရာမရှိဖြင့် လမ်းပေါ်တွင် ပေတေကျက်စားနေရသည့် ဘ၀ထက် ထောင်ထဲတွင် ရောက်ရှိနေခြင်းဖြင့် နေစရာနှင့် စားစရာကို အခမဲ့ ရရှိလိမ့်မည်ဟု တွက်ချက်ထားကြောင်း သိရသည်။ အလုပ်လက်မဲ့များသည် အဆိုပါ ကိစ္စမျိုး ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပြီး အလုပ်ပြုတ်သည်မှာ (၄)လလောက် ကြာမြင့်နေပြီဖြစ်သည့် လူတစ်ဦးသည် မော်တော်စကူတာ တစ်စင်းကို ခိုးယူပြီး တိုင်ပေရှိ ရဲစခန်းတစ်ခုအတွင်းသို့ တမင်မောင်းဝင်လာဖူးကြောင်း Liberty Timesက ဖော်ပြခဲ့သည်။ ကမ္ဘာ့စီးပွားပျက်ကပ် ရိုက်ခတ်လာမှုနှင့်အတူ တိုင်ပေ၏ အီလက်ထရောနစ် ပစ္စည်းများ ပင်လယ်ရပ်ခြားသို့ တင်ပို့ရောင်းချသည့် လုပ်ငန်းများ တစထက်တစ ကျဆင်းလာနေပြီး အလုပ်လက်မဲ့လည်း ပေါများလာနေကြောင်း သတင်းရရှိသည်။

http://www.planet.com.mm/news/read.cfm/id/12785



0 comments: