အမေရိကန်ကမ်းခြေထိ တိုက်ရိုက်ပစ်ခတ်နိုင်ဖွယ်ရှိသော တာဝေးပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ မဟာဗြူဟာ ဒုံးကျည်ကို စမ်းသပ်ရန်အတွက် ပြုံယမ်းအစိုးရက အဓိကထား ဆောင်ရွက်နေပြီး ယခုလအတွင်း အပြီးသတ် စမ်းသပ်နိုင်ရန် အားထည့်ကြိုးပမ်းနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။ မကြာသေးမီ ကာလများအတွင်း တောင်နှင့်မြောက် ကိုရီးယားနိုင်ငံများ ဆက်ဆံရေး တင်းမာလာချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်များက နှစ်နိုင်ငံ နယ်နိမိတ်အနီးတွင် စစ်ရေးအရ တပ်လှန့်မှုများ ပြုလုပ်ထားသလို တောင်ကိုရီးယား ရေတပ်ကလည်း ၎င်းတို့တပ်မတော်၏ နည်းပညာ အဆင့်အတန်း အမြင့်မားဆုံး ဒုံးကျည်တင် တိုက်သင်္ဘောကို ပင်လယ်ဝါအတွင်း စေလွှတ်ထားသည်။ ထိုအခြေအနေများတွင် မြောက်ကိုရီးယားဘက်က ၎င်း၏ လက်နက်အင်အားကို ထုတ်ဖော်ပြသသည့်အနေနှင့် တာဝေးပစ် ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြရန် ကြိုးစားလာခြင်းဖြစ်သည်။
(မြောက်ကိုရီးယားတို့၏ ဒုံးကျည်အချို့)
မြောက်ကိုရီးယားသည် ဧပြီလအတွင်းကလည်း တာဝေးပစ် ဒုံးကျည်တစ်စင်းကို ဂျပန်နိုင်ငံအား ကျော်ဖြတ်ပြီး အစမ်းပစ်လွှတ်ခဲ့သေးသည်။ ကမ္ဘာ့လက်နက်အင်အားကြီး ကွန်မြူနစ် နိုင်ငံတော်သည် မေလ(၂၅)ရက်နေ့က အနုမြူဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားကို ခြိမ်းခြောက်သည့်အနေနှင့် တာတိုပစ် ဒုံးကျည်(၂)စင်းကို ပစ်လွှတ်ပြခဲ့သေးသည်။ ICBMခေါ် အဆိုပါ ဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်မှ ပစ်လွှတ်ခဲ့မှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ချိန်တွင် မြောက်ကိုရီးယားက ပိုမိုတင်းမာစွာ တုန့်ပြန်သည့်အနေနှင့် မြေအောက်တွင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့သည်။ ယခုတစ်ကြိမ် ပစ်လွှတ်မည့် တာဝေးပစ်ဒုံးကျည်သည် မြောက်ကိုရီးယား၏ အဓိက နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ရာ ယွန်ဗြွန်းမှ အနောက်ဘက် ကီလိုမီတာ (၉၀)ခန့်မှ ဖြစ်လာနိုင်ဖွယ်ရှိသည်။ ထိုဒုံးကျည်ကို ပစ်လွှတ်ရန် အသင့်အနေအထားသို့ ရောက်လုနီးပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာထားပြီး အဆိုပါကြေညာချက်သည် ဒေသတွင်း နိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့အတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment