.
Jun 12 09
ကူးစက်ပြန့်နှံ့မှု လျင်မြန်စွာ ဖြစ်ပွားနေဆဲဖြစ်သော A/H1N1တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်သော နံပါတ်(၆)အထိ တိုးမြှင့်သတ်မှတ်လိုက်ရပြီဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ညီလာခံက A/H1N1သည် (၄၁)နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် အဆင့်(၆)အထိ သတ်မှတ်ခံရသော ရောဂါဖြစ်လာကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အဆိုပါ တုပ်ကွေးဗိုင်းရပ်စ်သည် သေနှုန်းအလွန်များပြားခြင်းမျိုး
ရှိနေခြင်းမဟုတ်ဘဲ ထိန်းချုပ်ရန် ခက်ခဲလွန်းလှအောင် ပြန့်နှံ့နှုန်း လျင်မြန်ခြင်းအတွက် ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း WHOက ဆိုသည်။ ထိုဗိုင်းရပ်စ်ကို စတင်တွေ့ရှိချိန်မှစပြီး နိုင်ငံပေါင်း (၇၄)နိုင်ငံထိ ပြန့်နှံ့ခဲ့ပြီး လူပေါင်း(၃၂၀၀၀)ကျော်ထိ ကူးစက်ခဲ့ပြီးဖြစ်ကာ သေဆုံးသူ (၁၇၅)ဦးရှိပြီဖြစ်သည်။ ကူးစက်ခံရသူ အတော်များများသည် တုပ်ကွေးရောဂါ လက္ခဏာများ ပေါ်ပေါက်လာပြီး ကာလအနည်းငယ်ကြာလျင် အလိုအလျောက် ပျောက်သွားတတ်ပြိး ဆေးကုသမှုပင် ခံယူစရာ မလိုကြောင်း သိရသည်။ WHOအကြီးအကဲ ဒေါက်တာ မာဂရက်ချန်က သူမသည် ယခုကဲ့သို့ ကပ်ရောဂါအဆင့် ကြေညာမှု မပြုလုပ်ခင် ကာလရှည်ကြာစွာ စောင့်ဆိုင်းလေ့လာနေခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ယခုအခါ အပြင်းဆုံး ကူးစက်ရောဂါအဆင့်သို့ သတ်မှတ်သတိပေးရန် လိုအပ်နေပြီဟုလည်း ဒေါက်တာမာဂရက်က ၀န်ခံခဲ့သည်။ “(၂၁)ရာစုရဲ့ ပထမဆုံး ကမ္ဘာ့ကပ်ရောဂါအတွက် ကမ္ဘာ့ပြည်သူတွေ အသင့်ပြင်ထားဖို့ WHOက သတိပေးသင့်နေပါပြီ”ဟု ဒေါက်တာမာဂရက်က ဂျီနီဗာ ညီလာခံတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဒေါက်တာမာဂရက်က ထိုကဲ့သို့ တိုးမြှင့်ရခြင်းနှင့်စပ်လျဉ်းပြီး ကမ္ဘာ့ပြည်သူများအတွက် အိတ်ဖွင့်စာရှည်ကြီးတစ်စောင် ရေးသားဖော်ပြခဲ့သေးသည်။ အမေရိကန်နိုင်ငံ ရောဂါကူးစက်မှု ထိန်းချုပ်ရေး ဗဟိုဌာနမှ ဒေါက်တာသောမတ်စ် ဖရီဒန်က ဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီး နှစ်လမျှ ကြာမြင့်သည်အထိ ကာကွယ်ဆေး ထုတ်လုပ်မှုအတွက် တစုံတရာ ထူးခြားသော တိုးတက်မှု မရှိသေးခြင်းကြောင့် ယခုကဲ့သို့ ကပ်ရောဂါအဆင့် သတ်မှတ်မှုမှာ သင့်လျော်ကြောင်း မှတ်ချက်ပြုခဲ့သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment