အယ်လ်ဇိုင်းမားရောဂါအတွက် ဗီတာမင်E အရေးပါ


Posted on May 19 09
အယ်လ်ဇိုင်းမားရောဂါအတွက် ဗီတာမင်E အရေးပါ

Real-worldဆေးဘက်ဆိုင်ရာ စစ်တမ်းသုတေသနအဖွဲ့၏ လေ့လာမှုများအရ ဗီတာမင်Eသည် ဦးနှောက်မှတ်ဥာဏ် လျော့ပါးမှုကို ဖြစ်စေသည့် အယ်လ်ဇိုင်းမား ရောဂါအား ဟန့်တားနိုင်ကြောင်း သိရှိရသည်။ ဗီတာမင်Eသည် လူအများ၏ အယ်လ်ဇိုင်းမား ဖြစ်လာနိုင်ဖွယ်ရှိသော ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများကို နှေးကွေးသွားစေသည့် အစွမ်းရှိကြောင်း အဆိုပါသုတေသနအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ အလီရာဇာအက်ထရီက ရိုက်တာစ် သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ဗီတာမင်Eက အယ်လ်ဇိုင်းမားကို ဦးတည်လာတဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပြောင်းလဲမှုတွေကို သဘာဝအလျောက် ငြင်းဆန်တဲ့ ဂုဏ်သတ္တိမျိုးရှိနေတာ ကျွန်တော်တို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နောက်ပြီး တခြားအကျိုးကျေးဇူး သေးသေးမွှားမွှားလေးတွေလည်း ရှိပါသေးတယ်။ အယ်လ်ဇိုင်းမား ဝေဒနာခံစားနေရတဲ့ လူနာတွေကိုတောင် ဗီတာမင်Eစနစ်တကျ ဖြည့်တင်းပေးသွားရန် ရောဂါကို ပိုပြီးဆိုးမလာဖို့ ဟန့်တားထားနိုင်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်”ဟု ၎င်းက ရှင်းပြခဲ့သည်။ မက်ဆာချူးဆက် အထွေထွေဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေါက်တာအက်ထရီသည် ဘော်စတွန်ရှိ ဟားဗတ်ဆေးကျောင်းမှ ပညာရှင်များနှင့်လည်း အချက်အလက်များ ဖလှယ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ ၎င်းတို့သည် မှတ်ဥာဏ်များ ယုတ်လျော့လာသည့် အယ်လ်ဇိုင်းမား လူနာပေါင်း (၅၄၀)၏ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများကို လေ့လာခဲ့ပြီးနောက် ဗီတာမင်Eဖြည့်စွမ်းပေးသော လူနာများတွင် အယ်လ်ဇိုင်းမား၏ ဆိုးဝါးလာမှုနှုန်းသည် လျော့နည်းကျဆင်းလာသည်ကို တွေ့ခဲ့ရသည်။ အခြေအနေဆိုးနေသော လူနာများကို ဗီတာမင်Eယူနစ် များများပိုပေးသင့်ကြောင်းလည်း ပညာရှင်များကဆိုသည်။ လူနာများ၏ အခြေအနေကို (၃)နှစ်ခန့် စောင့်ကြည့်ခဲ့ပြီးနောက် ဗီတာမင်Eက အယ်လ်ဇိုင်းမားကို တွန်းလှန်နိုင်သည်ဟု ယုံကြည်ရဖွယ် အခြေအနေများ ဖြစ်လာခဲ့ပြီး မိသားစုကို လုံးဝမမှတ်မိတော့သည့် အချို့လူနာများသည် ၎င်းတို့၏ သားသမီးများကို ပြန်လည်သိရှိလာကြောင်း ဆရာဝန်များက မှတ်တမ်းပြုစုထားနိုင်ခဲ့သည်။



0 comments: