ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ တိရစ္ဆာန်ရုံ( dusit zoo ) မြင်ကွင်း

ဟစ်တိုင်

( ရေးသူ-ကျော်မွန်သူရ)

၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်၊ သီတင်းကျွတ် လပြည့်နေ့ -နေ့လည်ပိုင်းတွင် ဘန်ကောက်မြို့ ခေါင်ဒင်းရပ်ရှိ၊ ထိုင်း ဘုရင့်နန်းတော်အနီးတွင်တည်ရှိသော တိရစ္ဆာန်ရုံသို့ရောက်သည်။ ဝင်ကြေး လူကြီးတဦး=ဘတ် ၃၀ ပေးရသည်။ ဝင်ပေါက် ၃ ပေါက်ရှိနေရာ- မျောက်ရုံဘက် ဝင်ပေါက်မှ ဝင်ခဲ့သည်။လက်မှတ်ဝယ်ပြီးနောက် တိရစ္ဆာန်ရုံသို့ ဝင်ဝင်ချင်း ၎င်းလက် မှတ်များ ကို ပေးလိုက်ရသည်။ ထို့နောက် ဘယ်ဘက်ခြမ်း လက်ဝဲဘက် လမ်းအတိုင်း လျှောက်ပြီးသည်နှင့် ကားရထားစီးချင်သူများ စီး နိုင်ရန် လက်မှတ်ရောင်းနေသည်ကို တွေ့ရသည်။ခေတ္တလျှောက်ပြီးလျှင် မျောက်ရုံသို့ရောက်သည်။
မျောက်များကို မြေညီထပ်မှလည်း ကြည့်၍ရသည်။ လှေကားဖြင့် တက်၍လည်း ကြည့်၍ရသည်။
မျောက်အမျိုးအစား ၄ မျိုးခန့်သာ တွေ့ခဲ့ရသည်။ မျောက်များအတွက် ဆော့ကစားရန် သစ်ပင်အသေ ခပ်မြင့်မြင့်များ၊ နိုင်လွန် ကြိုး ကြီးများ၊ကွန်ကရစ် အိပ်စင်များ ထားပေးထားသည်ကို တွေ့ရသည်။ မျောက်များမှာ ကျန်းမာဝဖြိုးနေသည်ကို သတိပြု မိသည်။ မျောက်များကို ငှက်ပျောသီး၊ မြေပဲတောင့်ပြုတ်၊ ကင်းမုန်ညွှန့်၊ ကန်စွန်းရွက် ဝဝလင်လင်ကျွေးထားသည်ကို တွေ့ရ သည်။

ယခင် မြန်မာပြည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မတွေ့ဖူးသေးသော မျောက်အမျိုးအစား တစ်မျိုးကို တွေ့ခဲ့သည်။
၎င်းမျောက်မျိုးသည် အဖြူရောင်အမြီးတံမှာ အလွန်ရှည်၍ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက် ကြည့်၍ကောင်းသည်။
မျက်နှာပုံစံမှာ အခြားသာမန်မျောက်များနှင့်မတူ။ အရောင်သုံးမျိုးခန့်ရှိသည်။ လက်မောင်းအထိနှင့် ခါးအထိမှာ အနက်ရောင် (သို့) မီးခိုးရောင်ဖြစ်သည်။ လက်မောင်းမှ အောက်ဖက်တွင် အဖြူရောင်ရှိသည်။ ထို့နောက်ခါးမှ ဒူးခေါင်းအထိ အနီရောင်ဖြစ်၍ ၎င်းအောက်ဖက်တခွင်တွင် အဖြူနှင့်မီးခိုး ထူးထူးခြားခြားရှိသည်ကို မှတ်သားတွေ့ရှိခဲ့သည်။ အထီး အမ စုံတွဲစီထားရှိကြ၍ အချို့လှောင်အိမ်တွင် မျောက်သားငယ်ပေါက်ခါစများ ရှိနေကြသည်။
ယခင် ရန်ကုန်တိရစ္ဆှာန်ရုံရှိ မျောက်များလောက် ပေါများမှုမရှိသည်မှာ သေချာသည်။မျောက်ရုံနှင့်ကပ်လျှက် ကျားရုံတခုရှိသည်။ ငှက်ရုံ၌ မတွေ့ဖူးသော ငှက်လှလှများ တွေ့ရသည်။ ယခင်ရန်ကုန်တိရစ္ဆာန်ရုံ၌ မတွေ့ဖူးသော ကျားဖြူကြီးတကောင်ကိုလည်း တွေ့ရသည်။ကျားများကို ထားရှိပုံမှာလည်း ရန်ကုန်တိရစ္ဆာန်ရုံနှင့်မတူ ။တကယ့်သဘာဝ တောတွင်းပုံစံမျိုး ထားရှိသည်။ ရေတံ ခွန်အတု တခုဘေးတွင်ကျောက်လှိုဏ်ဂူလေး တခုပြုလုပ်ပေးထားသည်။
သစ်ရိပ် ဝါးရိပ်နှင့် ကျားဖြူ အနားယူနေသည်။ ကျားများကို ရေမြောင်းပတ်လည် ၀ိုင်းနေသော သဘာဝပုံစံကျွန်းမြေပေါ်တွင်
ထားသည်ကို ထူးထူးခြားခြားတွေ့ရသည်။ ရိုးရိုးကျား ၂ ကောင်ခန့်တွေ့ရသည်။ တောကြောင်တွေ့ရသည်။ ကျားသစ်မရှိပါ။
ထို့နောက် ခြသေ့င်္စုံတွဲတွေ့ရသည်။ ထို့နောက် လူဝံစုံတွဲနှင့် လူဝံပေါက်စ တကောင် စုစုပေါင်း ၃ ကောင်အား ကျွန်းမြေနှင့် ကျောက် တောင်ပုံစံ သဘာဝအနေအထားဖြင့် ထားရှိသည်ကို ထူးထူးခြားခြားတွေ့ရသည်။ လူဝံပေါက်စ ဆော့ကစားရန်
နိုင်လွန်ကြိုးကြီးများ၊ တာယာကွင်းကြီးများ၊ သစ်ပင်အသေ ခပ်ကြီးကြီးများ ထားရှိသည်ကို တွေ့ရသည်။
ကျားရုံ အဝင်ပေါက်နှင့် အထွက်ပေါက် တနေရာတည်းဖြစ်၍ လှိုဏ်ဂူပုံစံ ဝင်ပေါက် ထွက်ပေါက် အပေါ်ဘက်တွင် ကျားရုပ်ကြီး တခု ထားရှိသည်ကို တွေ့ရသည်။ ခြင်္သေ့ရုပ်ကြီးကိုတော့ ဝင်ပေါက်ထွက်ပေါက်နှင့် မလှမ်းမကမ်း လမ်းဘေးတွင် ထားရှိသည်။ ထို့နောက် ဆက်လက်လျှောက်သွားရာ ရေမြင်းတကောင်ကို အခန်းကျဉ်းတွင် လှောင်ထားသည်ကို စတင်တွေ့ရသည်။ ထို့ နောက် တွင်မှ ရေကန်အကျယ်ကြီးထဲတွင် ရေမြင်းကြီး ၄ကောင် ပါးစပ်ကြီးများဟ၍ အစာတောင်းနေသည်ကို တွေ့ရပါသည်။
ရန်ကုန်ရေမြင်းကြီးများကဲ့သို့ ကန်စွန်းရွက် မကျွေးဘဲ ၊ပေါင်မုန့်ကျွေးသည်ကို တွေ့ရသည်။ ရေမြင်းကြီးများကို ရန်ကုန်မှာထက် အနီးကပ် ပိုတွေ့ရသည်။ ဓာတ်ပုံရိုက်သူများ ရိုက်သည်ကို တွေ့ရသည်။ မကြာခင် ရေမြင်းကြီးများအား ရေထဲမှ တက်စေ၍ လှောင်အိမ်များသို့ မောင်းသွင်းကာ ဝန်ထမ်းများလည်း မြက်ရိုင်းပင်ကြီးများကို နုတ်နုတ်စင်းကာ ကျွေးမွေးကြသည်ကို တွေ့ရ သည်။ ထို့နောက် ရေညစ်ပတ်များအား လဲလှယ်ကြသည်ကို တွေ့ရသည်။

ဆက်လက်လျှောက်လာရာဗျိုင်းနှင့် ဘဲငန်းစပ်ထားသည့် သတ္တဝါများ ရေကန်ထဲတွင် ထားရှိသည်ကို တွေ့ရသည်။ ကျီးကန်းနှင့် ခိုငှက်များလည်း ပေါများသည်ကို တွေ့ရသည်။ ဆက်လက်လျှောက်လာရာ ဝက်ဝံကြီးတကောင်ကို ကျားများနည်းတူ ပုံစံမျိုး ရေတံခွန်နှင့် ထားသည်ကို တွေ့ရသည်။ ဝက်ဝံနက်ဖြူ ၂ ကောင်-စုံတွဲကို ထပ်တွေ့ရသည်။ ထို့နောက် မြင်းပုတကောင်ကို
ကျောက်တောင်များနှင့် ထားသည်ကို တွေ့ရသည်။ ထို့နောက် ဝက်နှုတ်ခမ်းကဲ့သို့ နှာခေါင်းရှည်ရှည်နှင့် ရေမြင်းသဏ္ဌာန်
၂ကောင်အားတွေ့ရသည်။ သမင်အနည်းငယ်အား ၂ ခြံ၊၃ခြံ သာတွေ့ရသည်။
ထို့နောက် ဖျံအနည်းငယ်တွေ့ရသည်။ ငါးပြတိုက်ထဲသို့ ဝင်ကြေးငွေ =၁၀ ဘတ်ထပ်ပေး၍ ဝင်ကြည့်ရာ လိပ်အနည်းငယ်၊ ဖွတ် -ပဒပ်- မြွေအနည်းငယ် တွေ့ရသည်။ ယခင် ရန်ကုန်တိရစ္ဆာန်ရုံကဲ့သို့ မကြီးကျယ် -မများပြားပါ။ ငါးမျိုးစုံ အနည်းငယ်သာ တွေ့ရ သည်။ ယခင် ရန်ကုန်တိရစ္ဆာန်ရုံမှာ မတွေ့ဘူးသည့် ကင်းလိပ်ချော အကြီးစား၊ ပေါက်သင်ညိုအကြီးစား ( ရောင်စုံပဒပ်)ကြီးများ အား အစာကျွေးထားသည်ကို တွေ့ရသည်။ အစာမှာ သင်္ဘောသီး၊ ဟင်းရွက်စိမ်းများ၊ မုန်လာဥ အနီများဖြစ်သည်။ အသား ငါး ကျွေးတာ မတွေ့ပါ။ မစား၍ဖြစ်မည်။
ယခင် ရန်ကုန်တိရစ္ဆာန်ရုံမှာ မတွေ့ဖူးသော ဖားရောင်စုံ အသေးလေးများ၊ ပုံစံခပ်ဆန်းဆန်း ဖားများ၊ ရောင်စုံ ပုတ်သင်ညိုလေး များ တွေ့ရသည်။ ဝင်ထွက်ပေါက် အဝတွင် ဒိုင်နိုဆော သားအမိ =သားအဖ ၃ကောင် ရုပ်ထုရှိသည်။
ထူးခြားသည်မှာ ထိုင်းတိရစ္ဆာန်ရုံထဲတွင် ဘယ်နေရာရောက်ရောက် အိမ်သာ အခမဲ့တက်၍ ရခြင်းပင်။
ထို့နောက် ကလေးများ ကစားစရာ ကစားကွင်းသို့ ဖြတ်လျှောက်သွားပြီးနောက် -ခပ်လှမ်းလှမ်း ထပ်လျှောက်သွားပြီးသည့်အခါ
ဆင်ရုံသို့ရောက်သည်။ ဆင်ရုပ်ထုကြီးများ အကြီး အသေး ၆ ကောင်ခန့် တွေ့ရသည်။ ဆင်များကို လွတ်လွတ်လပ်လပ် ထားရှိ သည်ကို တွေ့ရသည်။
မြန်မာပြည် တိရစ္ဆာန်ရုံများ၌ ဆင်တိရစ္ဆာန်များပင်လျှင် လွတ်လွတ်လပ်လပ် မနေရပဲ သံကြိုးများခပ်ထားသည်ကို တွေးမိလျှက် -ဘန်ကောက်မြို့၌ ဆင်တိရစ္ဆာန်များပင်လျှင် လွတ်လပ်မှု့ရှိသည်ကို သတိသံဝေဂ ဖြစ်မိသည်။
မြန်မာပြည်မှာ လူနှင့် တိရစ္ဆာန်တိုင်း လွတ်လပ်မှုမရှိ။ ထိုင်းနိုင်ငံ၌ လူရောတိရစ္ဆာန် လွတ်လွတ်လပ်လပ် ထားရှိသည်မှာ ဒီမိုကရေစီ စံနစ်နှင့် သက်ဆိုင်ကြောင်း တွေ့ရသည်။
ဆင်ထားရာ ကျွန်းမြေကို ပတ်ပတ်လည် ရေများရှိသော ကျုံးပုံသဏ္ဍာန်လုပ်ထားသည်။ ဆင်များတွင်ကိုယ်စီအသက်များရေး ထားရာ အသက် ၄၂နှစ်၊ ၃၂နှစ်၊ ၂၁နှစ်၊ ၁၂နှစ်အသီးသီးရှိသော ဆင်များထားရှိသည်။လွတ်လွတ်လပ်လပ် သွားလာနေ၍ နေပူ ခံနိုင်ရန် ကွန်ကရစ်အမိုးများ လုပ်ပေးထားသည်။ ယခင် ရန်ကုန်တိရစ္ဆာန်ရုံမှာကဲ့သို့ ဆင်များအားကျွေးရန်ကြံရောင်းခြင်းလည်း
မရှိပါ။ အများအားဖြင့် ပြင်ပအစာများ မကျွေးကြရန် တားမြစ်စာတန်းများ အင်္ဂလိပ်လိုပါ ရေးထားသည်ကို တွေ့ရသည်။ ဆင်ရုံနှင့် မလှမ်းမကမ်း၌ ဘောလုံးကွင်းများတွင် ပြုလုပ်ထားသော ပွဲကြည့်ခုံတန်းများ ပုံစံ =ကွန်ကရစ် ခုံတန်းများတွေ့ရ သည်။

ဆင်ကပွဲကြည့်ရန် ပွဲစင်ပြုလုပ်ထားပုံရသည်။ ၎င်း ပွဲကြည့်စင် အောက်ဘက်တွင် ဈေးဆိုင်အများအပြားရှိသည်။ ထို့နောက်
ယခင်ရန်ကုန်တိရစ္ဆာန်ရုံနည်းတူ= ငှက်ပေါင်းစုံ ထားရှိသော ငှက်ရုံကြီးအားတွေ့ရသည်။ ထူးထူးခြားခြားတွေ့ရသည်မှာငှက်ကြီး ဒုံးစပ် အချို့သည် ငှက်ရုံပြင်ပ အပေါ်ဘက် ပိုက်ကွန်ပြင်ပတွင် နားနေလျှက် အချို့ ပျံသန်းနေသည်ကို တွေ့ရသည်။ ခန့်မှန်းရသည်မှာ တိရစ္ဆာန်ရုံနှင့် မနီးမဝေးတွင်တည်ရှိသော ထိုင်းဘုရင့်နန်းတော်ဥယျာဉ်ထဲမှ ဘေးမဲ့ငှက်ကြီးများဖြစ်နိုင်ပြီး၊ ၎င်းတို့ငှက်အဖော်များရှိရာ ဤငှက်ရုံကြီးသို့ လာရောက်လည်ပတ်ကျပုံရသည်။
ငှက်ရုံနှင့် မလှမ်းမကမ်းတွင် ခွေးအ၊ ဝက်ဝံနက်၊ တောကြောင်လေးများထားရာ လှောင်အိမ်များကို တွေ့ရသည်။ မဖြစ်စ လောက် နည်းပါးလှသည်၊ မထားမဖြစ်၍ ထားရှိပုံမျိုးဖြစ်သည်။
ယခင် ရန်ကုန်တိရစ္ဆာန်ရုံ၌ရှိသော သစ်ကုလားအုပ်၊ ငှက်ကုလားအုပ်များ ဒီနေရာ၌ လုံးဝမရှိပါ။အဲဒါတခုတော့ ယခင် ရန်ကုန် တိရစ္ဆာန်ရုံက သာသွားသည်။
ငှက်ကုလားအုပ်တချို့၊ တောနွားတကောင်၊ တောကျွဲတကောင် တွေ့ရသည်။ ဆင်များကြည့်ပြီးနောက် တပတ်ပြည့်သွား၍
ကြည့်စရာကုန်သွားသည်။
ထို့နောက် ရေလယ်ကျွန်းများနှင့် ရန်ကုန်ကန်တော်ကြီးပုံစံ =ထိုင်းတိရစ္ဆာန်ရုံ၏ ဗဟိုနေရာသို့ လျှောက်ကြည့်သည်။ ထို့နောက် နာရီဝက် =ဘတ်၂၀ ပေးကာ ခြေထောက်နှင့် နင်းရသော သံထည်အပျော်စီးလှေငယ် စီးကြည့်သည်။
ရေထဲ၌ ဘေးမဲ့လွတ်နေသော လိပ် ၁ ကောင်၊ ဖွတ် ၄ ကောင်ခန့်တွေ့ရသည်။

ထူးထူးခြားခြား တွေ့ခဲ့ရသည်မှာ= တခါမှ မတွေ့ဘူးသေးသော ဖွတ် ၂ ကောင် တိုက်ခိုက် ကိုက်ခဲနေကြသည်ကို တွေ့မြင်ရခြင်း ပင်။ အနီးကပ်စောင့်ကြည့်နေစဉ် နှစ်ကောင်သား မောလွန်း၍ အသက်ရှုသံ ခပ်ပြင်းပြင်းရှုနေသည်ကို ကြားနေရသည်။
ထို့နောက်ရန်ပွဲပြီး၍ ခွဲသွားကြသည်။


နိဂုံးချုပ်အားဖြင့် သုံးသပ်မိသည်မှာ ထိုင်း-ဘန်ကောက်တိရစ္ဆာန်ရုံသည် မန္တလေး တိရစ္ဆာန်ရုံသာသာ ခပ်ကျဉ်းကျဉ်း အနေအ ထား သာဖြစ်၍ သားကောင်များလည်း မစုံလင်လှပါ။ ကိုယ်ပိုင်ကားဖြင့်လာကြည့်သူများ ကိုယ်စီကားများဖြင့်လှည့်လည် မောင်း နေကြသည်ကို တွေ့ရသည်။ လုံခြုံရေးဝန်ထမ်းရဲများ ရှိသော်လည်း ပြည်သူများ စိတ်ဆင်းရဲအောင် နှောင့်ယှက်သွားလာပုံ လုံးဝ မတွေ့ခဲ့ရပါ။ ညနေ ၅ နာရီ ပိတ်ချိန်ဖြစ်သော်လည်း အတင်းမနှင်ထုတ်ကြပါ။

(ကျော်မွန်သူရ)

ဓါတ်ပုံများကို photos of bangkok web site မှ ရရှိပါသည်။)



0 comments: