တောင်ကိုရီးယားနိုင်ငံအတွင်းရှိ တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်များသည် မေလ(၂၈)ရက်နေ့က စစ်ရေးအတွက် အသင့်ပြင်ရန် နှိုးဆော်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ မြောက်ကိုရီးယား၏ နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု အပြီးတွင် (၂၀၀၆)ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး စစ်ရေးတပ်လှန့်မှုကို တောင်ကိုရီးယား စစ်တပ်က ကြေညာထားသည်။ ထိုနေ့က မြောက်ကိုရီးယား အစိုးရက ၎င်းတို့အနေနှင့် ကိုရီးယားနှစ်နိုင်ငံအကြား တည်ဆောက်ထားသော ယုံကြည်ချက်သည် သေဆုံးသွားပြီဖြစ်သလို ၎င်းတို့အနေနှင့် စစ်ပွဲအတွက် အသင့်ဖြစ်နေပြီဟု ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် တောင်ကိုရီးယားက ယခုလို စစ်ရေးအရ တပ်လှန့်ခဲ့ရခြင်းဖြစ်သည်။ အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့နိုင်ငံပိုင် သင်္ဘောများကို ဟန့်တားသည့် မည်သည့်နိုင်ငံကိုမဆို စစ်ကြေညာမည်ဟုလည်း ခြိမ်းခြောက်ထားသည်။
တောင်ကိုရီးယားသည် ကမ္ဘာ့နိုင်ငံပေါင်း (၉၀)ကျော်မျှနှင့် မသင်္ကာဖွယ်ရာ လက်နက်များ တင်ဆောင်လာနိုင်သော သင်္ဘောများကို ကြားဖြတ်စစ်ဆေးရန် သဘောတူညီမှု ရယူထားသည်။ မြောက်ကိုရီးယားသည် ၎င်းတို့နိုင်ငံမှ ပိုင်ဆိုင်သော မည်သည့်ရေယာဉ်ကိုမဆို အမေရိကန်နှင့် တောင်ကိုရီးယား ရေတပ်များက စစ်ဆေးမှု မပြုလုပ်ရန် သတိပေးထားသည်။ မေလ(၂၇)ရက်နေ့တွင်မူ ပြုံယမ်းအစိုးရက (၁၉၅၃)ခုနှစ်ကတည်းက တည်ရှိလာသည့် ကိုရီးယား(၂)နိုင်ငံကြား စစ်ပွဲရပ်ဆိုင်းရေး သဘောတူညီချက်ကို ၎င်းတို့ဘက်မှ အသိအမှတ် မပြုတော့ကြောင်း အတိအလင်း ကြေညာခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးက စစ်ပွဲတစ်ခု ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသော်လည်း အမေရိကန် အစိုးရကမူ စစ်ဆင်ရေးတစ်ခု ပြုလုပ်မည်ကို ငြင်းဆန်ထားဆဲဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်စစ်သည် (၂၈၅၀၀)နှင့် ဂျပန်နိုင်ငံအတွင်း အမေရိကန်စစ်သည် (၅၀၀၀၀)တို့ တပ်စွဲထားပြီး ၎င်းတို့သည် မြောက်ကိုရီးယားမှ ဒုံးကျည်ပစ်လွှတ်နိုင်ရန် လက်လှမ်းမီသည့် နေရာအတွင်း ရှိနေကြသည်။ လက်ရှိအချိန်တွင် တောင်ကိုရီးယားစစ်သည် (၆၇၀၀၀၀)ကျော်သည် အသင့်အနေအထား တပ်လှန့်မှုကို လက်ခံရရှိထားပြီး ယခုအခါတွင် နှစ်နိုင်ငံနယ်စပ်ဒေသအား လုံခြုံရေးတင်းကြပ်စွာ ချထားလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment