နေ့စဉ်ပုံမှန်သွားတိုက်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်လျော့ကျစေနိုင်

.
Posted on May 20 09
နေ့စဉ်ပုံမှန်သွားတိုက်ခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်လျော့ကျစေနိုင်



နေ့စဉ်ပုံမှန် သွားတိုက်သော အလေ့အထသည် နှလုံးထိခိုက်မှုနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေကြောင်း သိရသည်။ သွားကို ဂရုစိုက်ခြင်းသည် အန္တရာယ်ရှိသော အဆီခဲများ သွေးကြောနံရံများထဲ စိမ့်ဝင်သွားခြင်းအား ဟန့်တားပေးကြောင်း သုတေသီများက တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုအဆီခဲများ သွေးထဲသို့ ရောက်မသွားခြင်းသည် နှလုံးရောဂါကို ဖြစ်ပေါ်စေနိုင်သည့် ဘက်တီးရီးယားများ ရှင်သန်ပေါက်ဖွားမှုကို လျှော့ချပေးလိုက်ကြောင်း သိရသည်။ ပညာရှင်များသည် ခံတွင်းအတွင်းတွင် ကပ်ငြိနေသည့် အဆီခဲများမှတဆင့် နှလုံးရောဂါကို ဖြစ်ပွားစေသော ကနဦးရောဂါတစ်မျိုးဖြစ်သည့် periodontitisအား ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးနိုင်ကြောင်း ကာလရှည်ကြာစွာ သံသယဖြစ်နေခဲ့သည်။ ထိုရောဂါသည် သွေးကြောများအတွင်း အဆီတက်မှုကို ပိုမိုများပြားစေပြီး လေဖြတ်ခြင်းကိုလည်း ပေါ်ပေါက်စေရန် အားပေးတတ်ကြောင်း သိရသည်။ နောက်ပိုင်းတွင်မူ အဆီခဲများတွင် ပါဝင်နေသည့် porphyromonas gingivalisအမည်ရှိ ဘက်တီးရီးယားကြောင့် သွေးကြောများ ပိတ်ဆို့မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ အီတလီနိုင်ငံ၊ မီလန်တက္ကသိုလ်မှ ဒေါက်တာမာရီယို ကလာရီဆီဦးဆောင်သော ပိုးသတ်ခြင်းဆိုင်ရာ လေ့လာရေးအဖွဲ့သည် အဆီခဲများ မည်သို့ဖွဲ့စည်းလာသည်ကို စနစ်တကျ လေ့လာခဲ့ပြီးနောက် ထိုအဆီခဲများကို လျော့နည်းသွားစေသည့် အလွယ်ကူဆုံးနည်းမှာ ခံတွင်းကို သန့်ရှင်းစွာထားခြင်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းတို့သည် အသက်(၃၈)နှစ်မှ (၅၇)နှစ်ကြား စေတနာ့ဝန်ထမ်းအဖြစ် အစမ်းသပ်ခံသူ (၃၅)ဦးအား လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ ခံတွင်းသန့်ရှင်းမှုဆိုင်ရာ စစ်တမ်းများကို အသေအချာ ပြုစုခဲ့ကြသည်။ မလိုလားအပ်သော ဘက်တီးရီးယားများသည် ခံတွင်းထဲတွင် အများဆုံးရှိပြီး လည်ချောင်းမှတဆင့် သွေးကြောများထဲ စိမ့်ဝင်သွားတတ်ကြောင်း၊ ထို့ကြောင့်လည်း သွားတိုက်ခြင်းကို ပုံမှန်ပြုလုပ်ပေးခြင်းသည် ဘက်တီးရီးယားများကို ဖယ်ရှားရာတွင် အလွန်အသုံးဝင်ကြောင်း ကလာရီဆီကဆိုသည်။ ၎င်းတို့၏ သုတေသနအဖွဲ့သည် ယခုအခါ အဆိုပါကိစ္စအတွက် လူနာ(၂၀၀)ကျော်ကို ထပ်မံလေ့လာ သုတေသနပြုနေကြကြောင်း သတင်းရရှိသည်။



0 comments: