နီကိုတင်းပါသည့်ပီကေ အစားများပါက ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုး


Posted on May 06 09
နီကိုတင်းပါသည့်ပီကေ အစားများပါက ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုး

နီကိုတင်းဓာတ်ပါသော ပီကေများ များများစားခြင်းသည် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို တိုးတက်လာစေကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။ ဆေးလိပ်နှင့် စီးကရက်များတွင် ထည့်သွင်းလေ့ရှိသည့် နီကိုတင်းဓာတ်ကို ပီကေအတွင်း ထည့်သွင်းထားလေ့ရှိတတ်ပြီး ထိုပီကေများကို အလွန်အကျွံစားပါက ခံတွင်းကင်ဆာ ဖြစ်ပေါ်နိုင်မည့် အန္တရာယ်မှာ တစထက်တစ များပြားလာမည်ဟု လန်ဒန်တက္ကသိုလ်မှ ဒေါက်တာမိုင်တက်ခ်တားက ပြောကြားခဲ့သည်။ နီကိုတင်းနှင့်အတူ ရောနှောပါဝင်နေလေ့ရှိသည့် ကတ္တရာဓာတ်နှင့် အခြားဓာတုဓာတ်ပေါင်းများကလည်း ခံတွင်းကင်ဆာဖြစ်စေသည့် FOXM1ဆိုသည့် ဗီဇဆဲလ်များကို လှုံ့ဆော်ပေးကြောင်း ဒေါက်တာတားက ရှင်းပြသည်။ ၎င်းသည် နှစ်ရှည်လများ ပီကေဆွဲစားနေသည့် လူနာ(၇၅)ဦးကို လေ့လာကြည့်ခဲ့ရာ ၎င်းတို့ခန္ဓာကိုယ်ရှိ ခံတွင်းကင်ဆာကို ခုခံနိုင်သည့် ကိုယ်ခံစွမ်းအားများ ပျက်စီးသွားချိန်တွင် အသစ်တစ်ဖန် အစားထိုးမှုမှာ သိသိသာသာ လျော့နည်းနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာတားက ဆိုသည်။ အချို့သည် ဆေးလိပ်ဖြတ်သည့်အနေနှင့် ပီကေကို အစားထိုး စားလေ့ရှိကြောင်း၊ ထိုအခြေအနေကို ကြာမြင့်စွာ ပြုလုပ်ခြင်းက အဆုတ်ကင်ဆာအစား ခံတွင်းကင်ဆာ ဖြစ်အောင်လုပ်နေသည်နှင့် အတူတူပင်ဖြစ်ကြောင်း ဒေါက်တာတားက ပြောကြားသွားသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူဦးရေ (၅၀၀၀)ကျော်တို့သည် ခံတွင်းကင်ဆာရောဂါ ဖြစ်ပွားမှုနှင့် ကြုံတွေ့နေရပြီး ဆရာဝန်များက ထိုဖြစ်ရပ်အတွက် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ပီကေစားခြင်း အလေ့အထများကို အပြစ်တင်လေ့ရှိသည်။ ယခင်သုတေသနပြုလုပ်မှု ရလဒ်များအရလည်း နီကိုတင်းသည် အကြိတ်များ ကြီးထွားလာမှုကို အားပေးကြောင်း ဖော်ပြထားခဲ့သည်။




0 comments: