အီဂျစ်လူမျိုး ဘီလျံနာသူဌေးကြီး တစ်ဦးအား ၎င်း၏ တိတ်တိတ်ပုန်းချစ်သူကို သတ်ဖြတ်စေခဲ့သည့်အတွက် အီဂျစ်တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။ ကိုင်ရိုရုံးတော်သည် ဇူလိုင်လအတွင်းက ဒူဘိုင်းတွင် ဖြစ်ပွားခဲ့သည့် လက်ဘနွန် Popအဆိုတော် ဆူဇန်နီတမ်မင် အသတ်ခံရမှုအတွက် ဘီလျံနာသူဌေးကြီး ဟီရှမ်တာလတ်မူဆတာဖာတွင် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မေလ(၂၂)ရက်နေ့က အဆိုပါစီရင်ချက်ကို ထုတ်ပြန်ခဲ့သည်။ ဇူလိုင်လ (၂၈)ရက်နေ့က တမ်မင်သည် ဒူဘိုင်းရှိ မူဆတာဖာပိုင်ဆိုင်သော စံအိမ်ကြီးတွင် မူဆတာဖာ၏ လုပ်ငန်းတစ်ခုမှ လုံခြုံရေးဝန်ထမ်းဟောင်း မူဆန်အယ်လ်ဆူကရီ၏ ဓားဖြင့်ထိုးသတ်ခြင်းကို ခံခဲ့ရသည်။ ဆူကရီသည်လည်း အဆိုပါ ပြစ်မှုအတွက် သေဒဏ်ပေးခြင်း ခံခဲ့ရသည်။
(သူဌေးကြီး၏ တိတ်တိတ်ပုန်းချစ်သူ ဆူဇန်နီတမ်မင်)
မူဆတာဖာသည် ၎င်းအား စွန့်ခွာသွားသည့် တမ်မင်အား သုတ်သင်ရန်အတွက် ဆူကရီအား ဒေါ်လာ(၂)သန်း ပေးခဲ့ကြောင်း ရုံးတော်က ဖော်ထုတ်နိုင်ခဲ့သည်။ ဆူကရီက ၎င်းသည် အိမ်တော်ထိန်းအသွင်ဖြင့် ဟန်ဆောင်ပြီး တမ်မင်အား အိမ်တံခါး ဖွင့်ပေးခဲ့ကြောင်း၊ တမ်မင်၎င်းအား ကျော်ဝင်သွားချိန်တွင် ဓားဖြင့်အဆုံးစီရင်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ အသတ်ခံရသူ တမ်မင်သည် သေဆုံးချိန်တွင် အသက်(၃၀)သာ ရှိသေးပြီး အီဂျစ်တွင် (၁၉၉၆)ခုနှစ်က ဖျော်ဖြေပွဲကျင်းပပြီးနောက် အာရပ်ကမ္ဘာတွင် နာမည်ကျော်နေသူလည်းဖြစ်သည်။ သူမနှင့် မူဆတာဖာကြား လျှို့ဝှက်အချစ်ဇာတ်လမ်းများ ရှိခဲ့ပြီးနောက် သူမသည် အီရတ်ကစ်ဘောက်ဆာ ချန်ပီယံ ရီယတ်အယ်လ် အက်ဇာဝီနှင့် လက်ထပ်သွားခဲ့သည်။
(လူသတ်သမား ဆူကရီ)
ထို့နောက်တွင်မူ သူမအား သတ်ပစ်ရန် မူဆတာဖာက ဆူကရီအား စေခိုင်းလိုက်တော့သည်။ အီဂျစ်မီဒီယာများ၏ ဖော်ပြချက်အရ ဆူကရီသည် ပင်လယ်နီကမ်းခြေ ရှမ်အယ်လ်ရှိတ်ခ် အပန်းဖြေစခန်းရှိ သူဌေးကြီးပိုင်ဆိုင်သော တာလက်မူစတာဖာ ဆောက်လုပ်ရေး လုပ်ငန်းစုကြီးမှ တည်ဆောက်ပေးခဲ့သည့် Four Seasonsဟိုတယ်မှ လုံခြုံရေး ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။ မူဆတာဖာသည် ထိုကိစ္စအတွက် ၎င်းအပေါ် အမှုပတ်လာချိန်တွင် နိုင်ငံရေးဩဇာဖြင့် ကာကွယ်နိုင်ရန် ကြိုးစားခဲ့သေးသော်လည်း ပြစ်ဒဏ်ထင်ရှားသဖြင့် ပြေးမလွတ်ခဲ့ပေ။ အစိုးရ ရှေ့နေများက တရားရုံးတွင် မူဆတာဖာနှင့် ဆူကရီတို့ အပြန်အလှန် တယ်လီဖုန်းပြောခဲ့သည်များကို အသံသွင်းထားသည့် တိပ်ခွေ၊ ဆူကရီ၏ သွေးစွန်းနေသော အ၀တ်အစားတွင် စွန်းပေနေသည့် သွေးများမှ တမ်မင်၏ DNAစစ်ချက်များကိုပါ သက်သေအဖြစ် ရုံးတော်သို့ တင်ပြခဲ့ကြပြီး ရုံးတော်မှ အပြီးသတ် စီရင်ချက် ချမှတ်ချိန်တွင် သူဌေးကြီး မူဆတာဖာ၏ မိသားစု၊ ဆွေမျိုးများသည် ယူကြုံးမရ မူးမေ့လဲကျကုန်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသွားခဲ့သည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment