ဦနှောက်တွင်း သွေးခဲနေသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ဖွယ် အနေအထားရှိသော ဩစတြေးလျ လူငယ်အား ဆရာဝန်တစ်ဦးက အုတ်နံရံဖောက်သည့် လွန်ပူဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။ အသက်(၁၂)နှစ်အရွယ် နီကိုလက်စ်ရော့ဆီသည် အလွန်အမင်း ခေါင်းကိုက်မှုကြောင့် မခံမရပ်နိုင်ဖြစ်ကာ မေလ(၂၀)ရက်နေ့က ဗစ်တိုးရီးယားရှိ မယ်ရီဘရော့ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ နီကိုလက်စ်၏ မိခင်ကာရင်သည် သူနာပြုတစ်ဦးဖြစ်ပြီး သူမ၏သားကို ကားမောင်းပြီး ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်။ ဆေးရုံတွင် တာဝန်ကျနေသော ဒေါက်တာရော့ဘ်ကာဆန်က စစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်ပြီးနောက် အသက်ဘေးအတွက် စိုးရိမ်ရလောက်သည့် သွေးခဲမှုတစ်ခု နီကိုလက်စ်၏ ခေါင်းထဲတွင် ဖြစ်ပေါ်နေကြောင်း သိရှိခဲ့သည်။ “တစ်မိနစ်တောင် အချိန်ဖြုန်းလို့ မရတော့တဲ့ အနေအထားပါ”ဟု နောက်ပိုင်းတွင် ဒေါက်တာကာဆန်က ပြန်လည်ရှင်းပြခဲ့သည်။ ၎င်းအနေနှင့် သွေးခဲနေမှုအား အမြန်ဆုံး ဖယ်ရှားနိုင်မည့် ခွဲစိတ်ခန်းသုံး ကိရိယာကို စဉ်းစားမရတော့ဘဲ ကလေးငယ်၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် အလျင်မြန်ဆုံး၊ အထိရောက်ဆုံးဖြစ်နိုင်မည့် နည်းလမ်းအား ရွေးချယ်လိုက်ကြောင်း ဒေါက်တာ ကာဆန်ကဆိုသည်။
(နီကိုလက်စ်ရော့ဆီ၏ ဦးခေါင်းအားအား လွန်ပူဖြင့်ဖောက်သည့်ပုံစံ)
နီကိုလက်စ်သည် ၎င်း၏ အိမ်အနီး စက်ဘီးမှောက်၍ ခေါင်းတွင် ထိခိုက်မိရာမှ ယခုလို သွေးခဲမှု ဖြစ်ပေါ်ခဲ့ပြီး ထုနှင့်ထည်နှင့် ခဲနေသောသွေးက ၎င်း၏ဦးနှောက်ကို ဖိမိပြီး မခံမရပ်နိုင်အောင် ခေါင်းကိုက်နာကျင်နေခြင်းဖြစ်ကြောင်း ဒေါက်တာကာဆန်က သတိပြုမိခဲ့သည်။ “လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတုန်းမှာပဲ လူနာဟာ သတိလစ်ချင်သလို ဖြစ်လာတယ်။ အကြောဆွဲလာတယ်။ ဒါဟာ ဦးနှောက်ကို တစ်ခုခုက ဖိမိနေတယ်ဆိုတာ ပြတာပဲ။ လူနာရဲ့ဦးခွံအောက်မှာ သွေးခဲနေပြီဆိုတာ ကျွန်တော် ချက်ချင်း ရိပ်မိလိုက်တယ်”ဟု ဒေါက်တာကာဆန်က ရှင်းပြခဲ့သည်။ သို့သော်လည်း မြို့ငယ်လေး တစ်ခု၏ ဆေးရုံမျှသာဖြစ်သောကြောင့် ခွဲစိတ်ကိရိယာ စုံစုံလင်လင် မရှိသည့် အခြေအနေအတွက် ဒေါက်တာကာဆန်မှာ ဦးနှောက်ခြောက်ခဲ့ရသည်။ မတ်လအတွင်းက ရုပ်ရှင်မင်းသမီး နာတာရှာ ရစ်ချတ်ဆန်တစ်ယောက် နှင်းလျှောစီးရင်း မတော်တဆ ဖြစ်ခဲ့သဖြင့် အလားတူသွေးခဲမှုမျိုး ကြုံခဲ့ရသောကြောင့် မည်မျှအန္တရာယ်ကြီးကြောင်း ၎င်းအနေနှင့် သဘောပေါက်ထားသည်ဟု ဒေါက်တာကာဆန်က ဆိုသည်။ “နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီး ဆေးရုံက စတိုခန်းကို ကျွန်တော်ပြေးသွားတယ်။ နောက်ပြီး လက်သမားတွေ သစ်သားမှာ အပေါက်ဖောက်ရင်သုံးတဲ့ လွန်ပူကို ယူလာခဲ့တော့တာပါပဲ”ဟု ဒေါက်တာ ကာဆန်က ပြန်ပြောင်း ပြောကြားခဲ့သည်။ ဒေါက်တာကာဆန်သည် နီကိုလက်စ်၏ခေါင်းခွံကို အပေါက်ဖောက်ပေးနေစဉ် ၎င်း၏အကူဆရာဝန်အား မဲလ်ဘုန်းမြို့တော်ရှိ ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီး ဒေးဗစ်ဝေါလေ့စ်ထံ ဖုန်းဆက်စေပြီး ၎င်း၏ညွှန်ကြားချက်များကို ခံယူခဲ့ကြောင်း ၀န်ခံခဲ့သည်။ “ဒီလို ဆေးရုံလေးတစ်ခုမှာ ဒီလောက်ကြီးကျယ်ပြီး အချိန်လုလုပ်ရတဲ့ Operationမျိုး ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး။ ဒါကြောင့်လည်း ပညာရှင်ကြီးတစ်ယောက်ဆီက အကူအညီယူဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ရှင်းလင်း ပြောကြားသွားသည်။
(ကုသမှုခံယူအပြီး နီကိုလက်စ်အား မိဘနှစ်ပါးနှင့်အတူတွေ့ရစဉ်)
နီကိုလက်စ်၏ ဖခင်ဖြစ်သူ မိုက်ကယ်ရော့ဆီက ဒေါက်တာကာဆင်သည် သားငယ်၏ ဦးခေါင်းကို လွန်ပူဖြင့် ဖောက်မှရမည်ဖြစ်ကြောင်း၊ တစ်ချက်တည်းနှင့် ထိထိရောက်ရောက် ဖောက်ရမည်ဖြစ်ကြောင်း၊ တကယ့်ကို တစ်ချက်တည်းနှင့် အပြီးလုပ်ရမည်ဖြစ်ကြောင်း လာရောက်ရှင်းပြခဲ့သည်ဟု ပြောဆိုခဲ့သည်။ “နောက်တော့ ဒေါက်တာဟာ သူ့အလုပ်သူ အကောင်းဆုံး လုပ်သွားပါတယ်”ဟု မိုက်ကယ်က ပြောကြားသွားသည်။ ဒေါက်တာကာဆန်၏ အကူအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာဒေးဗစ် တိုင်နန်က ကြောက်စရာကောင်းသည့် အဆိုပါ Operationကြီးသည် တစ်မိနစ်သာ အချိန်ကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒေါက်တာ ကာဆန်သည် ၎င်းအား ဦးခွံအောက်ရှိ အနက်ရောင် အတုံးအခဲများကို ယူထုတ်ပစ်ရန် စေခိုင်းခဲ့ကြောင်း ဒေါက်တာတိုင်နန်က ဆိုသည်။ သွေးခဲများကို ဖောက်ထုတ်ပြီးနောက် အခြေအနေမှာ စိတ်ချရသည်အထိ သက်သာလာသော နီကိုလက်စ်အား ယခုအခါ မဲလ်ဘုန်းမြို့ တော်ဝင်ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ပေးလိုက်ပြီဖြစ်သည်။ နီကိုလက်စ်မှာ နောက်ပိုင်းကျမှ ၎င်း၏နားရွက် အထက်နားတွင် ဒေါက်တာကာဆန်က အပေါက်လေးတစ်ခုဖောက်ပြီး ဦးခွံအောက်မှ သွေးခဲများကို ဖယ်ထုတ်ခဲ့ကြောင်း ပြန်လည်သိရှိခဲ့ခြင်းဖြစ်သည်။ ယခုအခါ နီကိုလက်စ်၏ မိသားစုက အလွန်ကျေးဇူးတင်နေကြောင်း သိရသည်။ သို့သော်လည်း ဒေါက်တာကာဆန်က “ဒီကိစ္စကြောင့် ကျွန်တော့်ကို သူရဲကောင်းကြီးတစ်ယောက်လို ထင်နေဖို့ မလိုပါဘူး။ ဒါက ကိုယ်ရည်သွေးဖို့ စွန့်စားခဲ့တာမှ မဟုတ်ဘဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ အလုပ်သင့်ဆုံး အလုပ်ကိုပဲ ကျွန်တော်လုပ်ခဲ့တာပါ။ ကျွန်တော့်အတွက် အကောင်းဆုံး အကူအညီပေးတဲ့ အဖွဲ့တစ်ခု ရှိခဲ့တဲ့အတွက်ကိုပဲ ကျွန်တော် အရမ်းကျေနပ်လှပါပြီ”ဟု ထုတ်ဖော်ပြောဆိုသွားသည်။
http://www.planet.com.mm/news/read.cfm/id/12540
0 comments:
Post a Comment