ပြည်သူပိုင် ရွှေတိဂုံဘုရား မြေပေါ်မှာ အောင်မြေနေရာကို စိတ်ကြိုက်သိမ်းပိုက်ထား

၂၅ မေ ၂၀၀၉

ခေတ်ပြိုင်
ဧပြီလ (၂၅) ရက်နေ့  မနက် (၇) နာရီလောက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ရာမှာ ရွှေတိဂုံဘုရားရဲ့ သမိုင်းဝင်နေရာတခုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားရာ အောင်မြေမှာ သွားရောက်ဆုတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအောင်မြေနေရာရောက်တဲ့အခါမှာ အကာအ၀န်းထဲမှာ အမျိုးသမီးတဦး တယောက်တည်း ထိုင်ပြီး ၀တ်ပြုဆုတောင်းနေတာ တွေ့ရပါတယ်။

ဒါနဲ့ အောင်မြေနေရာထဲဝင်ရောက်ပြီး ဆုတောင်းဖို့ လုပ်တဲ့အခါမှာ အကာအ၀န်းထဲကို မ၀င်ရောက်ဖို့ ပိတ်ပင်တားမြစ်ခြင်း ခံရပါတယ်။ အောင်မြေအကာအ၀န်းဘေးအပြင်မှာ မတ်တတ်ရပ်စောင့်နေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးကနေ တားမြစ်တာ ဖြစ်ပါတယ်။

အဲ့ဒီ အောင်မြေအကာအ၀န်းထဲမှာ ၀င်ရောက် ဆုတောင်းနေသူက နအဖမိသားစုဝင်တဦးဖြစ်လို့ဆိုတာ သိရပါတယ်။

အဆိုပါ နအဖမိသားစုဝင် အမျိုးသမီး ဆုတောင်းနေတာမို့ မည်သူ့ကိုမျှ အောင်မြေဆုတောင်းတဲ့နေရာ အကာအ၀န်းလေးထဲကို ပေးမ၀င်ဘဲ တားဆီးနေတဲ့ ဘုရားလုံခြုံရေးနှစ်ဦးဟာ ဘုရားဖူး ၀တ်ပြုဆုတောင်းလိုတဲ့ ပြည်သူတွေကို ပိတ်ပင်တားဆီးရုံမက အဆိုပါ အမျိုးသမီးအနီးအနားကို ငှက်များ ပျံသန်းရောက်ရှိလာတာကို မောင်းထုတ်နေတာ တွေ့ရပါတယ်။

မေးချင်တာကတော့ ဒီလိုမျိုး အစဉ်အလာကြီးမားပြီး ပြည်သူပိုင် ရွှေတိဂုံဘုရားမြေပေါ်မှာ အခုလို အောင်မြေ နေရာကို စိတ်ကြိုက်သိမ်းပိုက်ထားပြီး အများပြည်သူကို ဆုတောင်းဝတ်ပြုခွင့်မပေးရလောက်အောင် ပြည်သူပိုင် နေရာမြေဒေသကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး မောင်ပိုင်စီးထားရသလား ဆိုတာပါ။

ရွှေတိဂုံမြတ်စေတီတော် အောင်မြေမှာ ၀တ်ပြုဆုတောင်းခွင့်မရခဲ့တဲ့ ပြည်သူတဦး

0 comments: