အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ ပညာရှင်တစ်ဦးက ရေးဆွဲထုတ်လုပ်ထားသော Onlineဂိမ်းတစ်ခုသည် ဩဇာကြီးမားသော မွတ်ဆလင်ဘာသာရေး အဖွဲ့အစည်းတစ်ခု၏ ဖိအားပေးမှုကြောင့် အင်တာနက်မှ ဖယ်ရှားခြင်း ခံခဲ့ရကြောင်း သိရှိရသည်။ ဧပြီလ (၂၈)ရက်နေ့က အင်တာနက်မှ ဖယ်ရှားခံလိုက်ရသည့် ဘာသာရေးဆိုင်ရာ တိုက်ခိုက်မှုကို အခြေခံထားသည့် Faith Fighter အမည်ရှိဂိမ်းတွင် ကမ္ဘာပေါ်ရှိ အထင်ကရ ဘာသာတရားများဖြစ်သော ဗုဒ္ဓဘာသာ၊ မွတ်ဆလင်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယန်ဘာသာတို့မှ ဘုရားများနှင့် တမန်တော်များ ပါဝင်လျက်ရှိသည်။
ထိုဂိမ်းအတွင်း ဗုဒ္ဓ၊ ဂျီးဆက်၊ တမန်တော် မိုဟာမက်နှင့် ဟိန္ဒူတို့၏ ဆင်ဦးခေါင်းနှင့်နတ်ဘုရား စသူတို့သည် စွမ်းအားများနှင့် အပြန်အလှန် တိုက်ခိုက်နိုင်အောင် ပြုလုပ်ထားပြီး မိုဟာမက်သည် အနက်ရောင် အခိုးအငွေ့များ မန်းမှုတ်ဖန်ဆင်းနိုင်သလို အခြားသော ဘုရားများကလည်း မီးလျံများ၊ အလင်းတန်းများနှင့် တိုက်ခိုက်နိုင်သည်။ Faith Fighterဂိမ်း၏ နောက်ခံကို မီးလောင်ကျွမ်းနေသော၊ ပျက်စီးနေသော အဆောက်အအုံများဖြင့် ပြုလုပ်ထားသည်။ ထိုဂိမ်းထွက်ပေါ်လာမှုအတွက် နိုင်ငံတကာမှ ဘာသာရေးအဖွဲ့အစည်းများက မကျေမနပ်ဖြစ်နေကြပြီး ဆော်ဒီအာရေဗျအခြေစိုက် မွတ်ဆလင်ကွန်ဖရင့်က ထိုဂိမ်းကို အင်တာနက်မှ ချက်ချင်းဖယ်ရှားသင့်ကြောင်း တောင်းဆိုထားသည်။
ဂိမ်းကို တီထွင်ခဲ့သည့် မော်လင်ဒက်စ်ရီးယားက ၎င်းသည် ထိုဂိမ်းကို တစ်နှစ်မျှ အချိန်ယူဖန်တီးခဲ့ပြီး အကြိမ်ပေါင်း သန်းနှင့်ချီမျှ ကစားခဲ့ကြောင်း၊ ယခုကဲ့သို့ တုန့်ပြန်နေမှုများသည် နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သော်လည်း ၎င်း၏ဂိမ်းမှာ ပိတ်ပင်ခံခဲ့ရသည်။ မွတ်ဆလင် ကွန်ဖရင့်က ထိုဂိမ်းသည် မွတ်ဆလင်ဘာသာ၏ အထွတ်အမြတ်ဖြစ်သည့် တမန်တော်မိုဟာမက်အပြင် အခြားဘာသာများကို စော်ကားခြင်းဟု ယူဆထားသည်။
0 comments:
Post a Comment