ဒါဝင်မြို့အနီး ပျောက်ဆုံးကလေးငယ် မိကျောင်းစားခံလိုက်ရပြီဟုဆို

မြန်မာနိုင်ငံမှာတော့ ယောကျာ်းလေး ပျောက်သွားရင်တောင် စစ်သားစုဆောင်းရေးမှာ သွားရှာရင် ပြန်ရအုံးမှာ

Posted on Mar 17 09

ပျောက်ဆုံးနေသော မိန်းကလေးငယ်တစ်ဦးသည် မိကျောင်းစာ ဖြစ်သွားပြီဆိုသည့် သံသယဖြင့် စိုးရိမ်နေရကြောင်း ဩစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့က ကြေညာလိုက်သည်။ အသက်(၁၁)နှစ်အရွယ် ဩစတြေးလျ ကလေးမလေးတစ်ဦးသည် နိုင်ငံမြောက်ပိုင်း ဒါဝင်မြို့အနီးရှိ လမ်ဘဲလ်စ် ရေအိုင်ကြီးအနီးတွင် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ကလေးမလေးသည် ရေအိုင်အနီး ဆော့ကစားနေသည်ကို နောက်ဆုံးမြင်ခဲ့ရသည့် မျက်မြင်သက်သေများက သူမနှင့်မနီးမဝေး ရေပြင်တွင် မိကျောင်းတစ်ကောင်၏ အမြီးကို ဝှေ့ယမ်းရာမှ ပေါ်လာသော ရေပွက်များကို မြင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုမိန်းကလေးသည် မတ်လ (၁၅)ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်ကြာသောအခါ ရေအိုင်အနီးတွင် လူ့ခန္ဓာကိုယ် အကြွင်းအကျန်များကို သူမအား လိုက်လံရှာဖွေနေသည့် ကယ်ဆယ်ရေး ၀န်ထမ်းများက တွေ့ရှိခဲ့သည်။ ထို့နောက်တွင် ထိုနေရာ အနီးတစ်ဝိုက်အား လက်နက်နှင့် အကာအကွယ် အပြည့်အစုံ တပ်ဆင်ထားသော ရဲများက ရှင်းလင်းပြီး တွေ့ရှိသည့် လူသားရုပ်ကြွင်းများကို DNAစစ်ချက်ယူရန် သယ်ဆောင်သွားကြောင်း သိရသည်။ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုက်ကယ်မာဖီက လက်ရှိတွင် ထိုအလောင်းအကြွင်းအကျန်သည် ကလေးမလေး ဟုတ်မဟုတ်ကို မခွဲခြားနိုင်သေးကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုသတင်းကို ကြားသိသွားသည့် ကလေးမလေး၏ မိသားစုများသည် စိတ်ဓာတ်ရေးရာအရ အလွန်ပြင်းထန်စွာ ခံစားနေရရှာကြောင်း ၎င်းကဆိုသည်။ မိန်းကလေးသည် သူမ၏ (၇)နှစ်အရွယ် ညီမငယ်နှင့် အခြားသူငယ်ချင်း (၂)ဦးနှင့်အတူ ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး သက်ဆိုင်ရာက အဖွဲ့ဝင်(၁၀)ဦးပါသော အဖွဲ့တစ်ခုကို စုံစမ်းစေရာ (၁၂)နာရီအကြာတွင် ယခုကဲ့သို့ လူ့ခန္ဓာကိုယ် ရုပ်ကြွင်းများကို တွေ့ရှိလာခြင်းဖြစ်သည်။



(သြစတေးလျမြောက်ပိုင်းဒေသတွင် တွေ့ရတတ်တသည့် ရေငန်မိကျောင်းတစ်ကောင်)

ကလေးများ ဆော့ကစားနေသည်ကို ဖြတ်သွားဖြတ်လာ မြင်တွေ့ခဲ့သည့် လယ်သမားတစ်ဦးက ကလေးအုပ်ထဲမှ မိန်းကလေးတစ်ဦးသည် ရေစပ်တွင် ဆော့ကစားနေစဉ် ထူးဆန်းသော အရာတစ်ခုက သူမဆီမြောလာသည်ကို လှမ်းမြင်ကြောင်း၊ ထို့နောက် ထိုမိန်းကလေးကို မတွေ့တော့ကြောင်း ပြောကြားခဲ့ရာ မိသားစုအတွက် ပိုမိုရင်ထိတ်စရာ ဖြစ်ခဲ့ရသည်။ မိန်းကလေးငယ်၏ သူငယ်ချင်းများကလည်း သူမတို့သူငယ်ချင်း မပျောက်သွားမီက ခပ်လှမ်းလှမ်းတွင် မိကျောင်းတစ်ကောင်၏ ဦးခေါင်းကို တွေ့လိုက်ကြောင်း အာဏာပိုင်များထံ ပြောကြားခဲ့သည်။ သူမပျောက်သွားပြီးနောက် ကျန်ကလေးများသည် နီးစပ်ရာအိမ်သို့ ပြေးသွားပြီး အရေးပေါ်အချက်ပေး ခေါင်းလောင်းကိုတီးခဲ့သဖြင့် ရဲများနှင့် အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့များ ချက်ချင်းရောက်လာသော်လည်း ကလေးမလေးကို ရှာမတွေ့တော့ချေ။ ကလေးမလေး ပျောက်ဆုံးရာ ရေကန်ဝန်းကျင်ကို မတ်လ (၁၅)ရက်နေ့ကတည်းက လုံခြုံရေး အကြောင်းပြချက်ဖြင့် ပိတ်ထားလိုက်ပြီဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင် ပျမ်းမျှအားဖြင့် တစ်နှစ်လျင် လူ(၂)ဦးမျှ မိကျောင်းကိုက်ခံရပြီး သေဆုံးလေ့ရှိကာ ဩစတြေးလျ ရေငန်မိကျောင်းမျိုးများသည် (၂၃)ပေထိ အရှည်ရှိတတ်ပြီး (၁)တန်မျှ အလေးချိန်စီးအောင် ကြီးထွားလာတတ်ကြကြောင်း သတင်းရရှိသည်။




0 comments: