
တစ်နေ့လျင် ဘီယာတစ်ပိုင့်မျှ သောက်ခြင်းသည် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်လာစေကြောင်း သုတေသီများက သတိပေးပြောဆိုလိုက်သည်။ ဗြိတိန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ ဘီယာနှစ်ခွက်မျှ နေ့စဉ်သောက်သုံးသည့် အမျိုးသားများတွင် အဆိုပါကင်ဆာ ဖြစ်ပွားနိုင်ခြေ (၂၀)ရာခိုင်နှုန်းမျှ တိုးလာစေမည်ဟု သိရှိရသည်။ ဘီယာသောက်ခြင်းနှင့် ဆီးကြိတ်ကင်ဆာကြား ဆက်စပ်မှု ရှိမရှိဆိုသည့် သုတေသနပြု စမ်းသပ်မှု (၃၅)ခုအား ကောက်နှုတ်ပြီး ယခုတွေ့ရှိချက်ကို ထုတ်ဖော်ကြေငြာခြင်းဟု ပညာရှင်များကဆိုသည်။ ဩစတြေးလျရှိ ကာတင် တက္ကသိုလ်မှ ပညာရှင်များ၏ မူလတွေ့ရှိချက်အရ ဘီယာပုံမှန်သောက်ခြင်းဖြင့် နှလုံးရောဂါကို အထိုက်အလျောက် ကာကွယ်နိုင်မည်ဟု ဖော်ပြခဲ့သော်လည်း ယခုအခါတွင် ဗြိတိန်ပညာရှင်များက ဘီယာသည် ဆီးကြိတ်ကင်ဆာ၏ အန္တရာယ်ကို လက်ယပ်ခေါ်နေကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဖော်ပြချက်ကို မော်လီကျူးဆိုင်ရာ အာဟာရဖြည့်တင်းမှုနှင့် အစားအသောက် သုတေသနဂျာနယ်အတွင်း ထည့်သွင်းရေးသားထားပြီး ၎င်းတွင် (၂၀၀၆)ခုနှစ်မတိုင်မီက သုတေသန လုပ်ငန်းအားလုံးကို ထည့်သွင်းထားကြောင်း သိရသည်။ တစ်ပါတ်အတွင်း ဘီင်္ယာ(၁၄)ခွက်ထက် ပိုသောက်သူများသည် (၂၀)ရာခိုင်နှုန်းအထက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတိုးပွားလာကြောင်း အထောက်အထားများ ခိုင်ခိုင်မာမာ တွေ့ရှိရကြောင်း ပညာရှင်များက အတည်ပြုခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ကင်ဆာဖြင့် သေဆုံးသူဦးရေ၏ (၆)ရာခိုင်နှုန်းသည် အရက်နှင့်ဘီယာကို စွဲမြဲစွာ သောက်သုံးလေ့ရှိသူများဟု ပညာရှင်များက ပြောကြားခဲ့ပြီး နှစ်စဉ်အရေအတွက် (၉၀၀၀)မျှ သေဆုံးနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသနဌာနမှ ဒေါက်တာဂျိုဒီမောဖတ်က အရက်နှင့်ဘီယာ သောက်သုံးမှု လျော့နည်းလေလေ၊ လူတစ်ဦးအနေနှင့် ကင်ဆာနှင့် ကြုံတွေ့နိုင်မှု လျော့နည်းလေလေဖြစ်ကြောင်း ထောက်ခံပြောဆိုသွားသည်။
0 comments:
Post a Comment