
အမေရိကန် သမ္မတဟောင်း အေဗရာဟမ်လင်ကွန်း အသုံးပြုခဲ့သည့် အိတ်ဆောင်နာရီလေးအတွင်း အမေရိကန် ပြည်တွင်းစစ်နှင့် ပတ်သတ်သော အချက်အလက်များ ရေးသားထားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ရွှေနာရီလေး တစ်ခုအတွင်း အမေရိကန် ပြည်တွင်းစစ် စတင်သည့်နေ့နှင့် အချက်အလက်များကို လျှို့ဝှက်မှတ်တမ်းအနေနှင့် ရေးမှတ်ထားသည်ကို (၁၄၈)နှစ်ကြာပြီးနောက် အမေရိကန် အမျိုးသားသမိုင်းပြတိုက်က ဖော်ထုတ်တွေ့ရှိခဲ့သည်။ အဆိုပါ အကြောင်းအရာကို သိရှိလာသူသည် ဂျိုနသန်ဒီလန်ဆိုသည့် နာရီပြင်ဆရာ တစ်ဦးက ၎င်းကြုံတွေ့ခဲ့သည့် စစ်ပွဲစတင်ရာ အဖြစ်အပျက်များကို ရေးသားခဲ့ခြင်းဖြစ်သည်။ နာရီအတွင်း ရေးသားထားသည့် နေ့စွဲအရ ထိုစာကိုရေးခဲ့သည်မှာ (၁၈၆၁)ခုနှစ်၊ ဧပြီလ(၁၃)ရက်နေ့ဟု သိရှိရပြီး စာထဲတွင် “Fort Sumpter was attacked by the rebels' and 'thank God we have a government.”ဟု ရေးထားပြီး ဒီလန်၏ လက်မှတ်လည်း ပါရှိကြောင်း သိရသည်။ အမေရိကန် ပြည်တွင်းစစ်သည် ပြည်ထောင်စုစစ်တပ်များ တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချာလီစတန်ကို စတင်ထိုးစစ်ဆင်သည့် (၁၈၆၁)ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။
(နာရီအတွင်းပိုင်းတွင် ရေးသားထားသည့် ပြည်တွင်းစစ်မှတ်တမ်း)
(၄၅)နှစ်မြောက် ကြာမြင့်ပြီးနောက် လင်ကွန်း၏ နာရီကို ပြင်ခဲ့ဖူးသည်ဟုဆိုသော ဒီလန်က New York Times သတင်းဌာနသို့ အကြောင်းကြားကာ နာရီအတွင်း ၎င်းသည် စာရေးသားထားကြောင်း ပြောကြားခဲ့ဖူးသည်။ ယခုအခါတွင်တော့ ဒီလန်ရေးသားခဲ့သည့် နာရီအတွင်းမှ စစ်ပွဲစတင်မှုဆိုင်ရာ လျှို့ဝှက်မှတ်တမ်းကို ကမ္ဘာသိအောင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ပြတိုက်မှ ဒါရိုက်တာဖြစ်သူ ဘရန့်တ်ဂလက်စ်က ယခုတွေ့ရှိမှုသည် ဆန်းပြားကြောင်း၊ လင်ကွန်းသည် ၎င်း၏သက်တမ်းတလျှောက် ၎င်းကိုင်ဆောင်သော နာရီလေးအတွင်း စစ်ပွဲစတင်မည့် လျှို့ဝှက်မှတ်တမ်းများ ရေးသားထားသည်ကို လုံးဝမသိခဲ့ကြောင်း ပြောကြားသွားသည်။ ဒီလန်၏ ရေးသားမှု မှတ်တမ်းအရ စစ်ပွဲ၏ ပထမဆုံး သေနတ်သံကို ကြားရသည့်အချိန်က လင်ကွန်း၏နာရီသည် ၎င်း၏လက်အတွင်း ရှိနေခဲ့ကြောင်း ဖော်ပြပါရှိသည်။ ပြတိုက်ဒါရိုက်တာ ဘရန့်တ်က ယခုကိစ္စသည် ပုဂ္ဂိုလ်ရေး ခံစားမှုလေးတစ်ခုမှ သမိုင်းအဖြစ်သို့ ကူးပြောင်းသွားခြင်းဟု မှတ်ချက်ပြု ပြောဆိုသွားသည်။ လင်ကွန်းသည် အမေရိကန်၏ (၁၆)ဦးမြောက် သမ္မတအဖြစ် (၁၈၆၀)နိုဝင်ဘာလတွင် ရွေးကောက်ခံရပြီး ကျွန်စနစ်ကိုတိုက်ဖျက်ရေးအတွက် တောင်ပိုင်းကယ်လီဖိုးနီးယားနှင့် အခြားပြည်နယ် (၆)ခုတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြည်တွင်းစစ်ကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်ကြီးလည်းဖြစ်သည်။
0 comments:
Post a Comment