အစ္စရေးတပ်မတော်မှ အင်အားတောင့်တင်းသော တင့်ကားတပ်မကြီးများသည် ဂါဇာကမ်းမြှောင်ဒေသ နယ်နိမိတ်တွင် အလုံးအရင်း တပ်စွဲထားပြီးနောက် အစ္စရေးတို့ ဂါဇာသို့ ထိုးဖောက်ဝင်ရောက်တော့မည်ဟူသော စိုးထိတ်မှုများမှာ ဂါဇာဒေသအတွင်း ပြန့်နှံ့လျက်ရှိနေသည်။ ဟားမတ်စ်စစ်သွေးကြွများအား လေကြောင်းထိုးစစ် ဆင်နွှဲခဲ့သည့် အစ္စရေးလေတပ်မတော် တိုက်လေယာဉ်များ ဒုတိယနေ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးအရံ တပ်သား (၆၀၀၀)ကျော်တို့ကိုလည်း အသင့်အနေအထား စုရုံးထားကြောင်း သိရသည်။ ထိုအခြေအနေသည် ဂါဇာရှိ ဒေသခံများအား ပိုမိုစိုးရိမ် ထိတ်လန့်စေခဲ့သလို အစ္စရေး၏ တိုက်စစ်ဆင်မှု အမှန်တကယ် ဖြစ်လာနိုင်သော အရိပ်အယောင်လည်း ဖြစ်သည်။
(ပေါက်ကွဲမီးလောင်နေသည့် ဂါဇာကမ်းမြောင်တစ်နေရာ)
အစ္စရေးတို့အနေနှင့် (၂၀၀၅)ခုနှစ်အတွင်းကမှ ၎င်းတို့ပြန်လည် ဆုတ်ခွာပေးခဲ့သော ပါလက်စတိုင်း နယ်မြေကို ပြန်လည်သိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေပြီဟု ကမ္ဘာ့နိုင်ငံရေး အကဲခတ်များက သုံးသပ်ထားကြသည်။ ဟားမတ်စ်တို့၏ ဒုံးကျည်နှင့် တိုက်ခိုက်မှုများကို အစ္စရေးဘက်မှ တုန့်ပြန်တိုက်ခိုက်ခြင်းဖြင့် လူပေါင်းများစွာ သေကြေပျက်စီးမည့်အရေးကို မလွဲမသွေ ကြုံရမည်ဟု ဗြိတိန်နိုင်ငံက သတိပေးပြောကြားထားသည်။ သို့သော်လည်း အစ္စရေးကို ကျောထောက်နောက်ခံ ပြုထားသည့် အမေရိကန် သမ္မတသစ် ဘာရတ်အိုဘားမားမှာ ယခုကိစ္စအတွက် ထင်ကြေးပေး ပြောဆိုခြင်းမျိုး မရှိသေးပေ။
(တိုက်ပွဲကြားမှကလေးငယ်များ)
အရှေ့အလယ်ပိုင်း အခြေအနေမှာ အစ္စရေးတို့က ဂါဇာဒေသအတွင်း လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခဲ့ပြီးနောက် အလွန်အမင်း ဆိုးရွားလာနေသည်။ ဒေသခံ သတင်းမီဒီယာများ၏ အဆိုအရ ဒီဇင်ဘာလ (၂၇)ရက်နေ့မှစပြီး အစ္စရေးလေတပ်မတော် ထိုးစစ်ကြောင့် ပါလက်စတိုင်း ပြည်သူ(၃၀၀)ကျော် သေဆုံးခဲ့ပြီဟု သိရှိရသည်။ ၎င်းတို့အနက်မှ သုံးပုံ၊ နှစ်ပုံခန့်သည် ဟားမတ်စ်တို့ ဖြစ်နိုင်ကြောင်း ယုံကြည်ရသည်။ အစ္စရေးတို့အနေနှင့် ဟားမတ်စ်အခြေစိုက် ခြေကုပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်မှုကို ရပ်တန့်မည့် အလားအလာမရှိသေးကြောင်း အရိပ်အမြွက်မျှ ပြောဆိုထားပြီးဖြစ်သည်။
(ပါလက်စတိုင်းပြောက်ကျားများ)
ပါလက်စတိုင်း ၀န်ကြီးချုပ် အီဟွတ်အောလ်မတ်ကမူ ၎င်းတို့အနေနှင့် နိုင်ငံတောင်ပိုင်းမှ ဟားမတ်စ်ဒုံးကျည်စခန်းများကို မရှင်းလင်းနိုင်သဖြင့် အစ္စရေးတို့၏ တုန့်ပြန်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်။ သတင်းများအရ အစ္စရေးတို့ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ဆောင်ရွက်နေဆဲမှာပင် ဒီဇင်ဘာလ (၂၈)ရက်နေ့က အစ္စရေးနယ်နိမိတ်ဘက်သို့ ဟားမတ်စ်တို့၏ ဒုံးကျည် ဒါဇင်အနည်းငယ်မျှ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
(တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ဂါဇာကမ်းမြောင်ဒေသ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment