ရတနာနတ်မယ်


လင်းပင် မင်းသားကြီးနှင့် ရေနံ့သာ ခင်ခင်ကြီး



ရတနာနတ်မယ် ငယ်စဉ်က



IPO President Dr. Hans Koechler နဲ့အတူ တွေ့ရစဉ်


အခုမြင်တွေ့ရတဲ့ June Bellamy



ရတနာနတ်မယ် (Yadana Nat Mai) ဆိုတဲ့ နာမည်ဟာ မြန်မာပြည်မှာ တခေတ်တခါက လွန်စွာ ထင်ရှားခဲ့တဲ့ နာမည်တစ်ခု ဖြစ်ပါတယ်။ သူဟာ ကုန်းဘောင် မင်းဆွေမင်းမျိုး လင်းပင်မင်းသားကြီးရဲ့ မြေးတော်လည်း ဖြစ်တယ်။ အီတလီလူမျိုး WHOဆရာဝန် တစ်ဦးရဲ့ ကြင်ဖက်လည်း ဖြစ်ခဲ့တယ်။ ဆိုရှယ်လစ်ခေတ်က ဗိုလ်ချုပ်နေဝင်းရဲ့ ကြင်ယာတော် မြန်မာပြည်ရဲ့ First Lady လည်း ဖြစ်ခဲ့ပါသေးတယ်။

ရတနာနတ်မယ် ဆိုတဲ့ မင်းသမီးကြီးကို လင်းပင် မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ သမီးတော် ထိပ်တင်မလတ် (Princess Hteiktin Ma Lat) နဲ့ ဩစတေးလျ နိုင်ငံသား မြင်းပွဲဘွတ်ကီ Mr.Herbert Bellamy တို့က မွေးဖွားခဲ့တယ်။ ထိပ်တင်မလတ်ဟာ ၁၈၉၄ ခုနှစ်မှာ မွေးတယ်ဆိုတော့ သမီးဖြစ်သူကို မွေးဖွားချိန် ၁၉၃၀မှာ သူ့အသက်က ၃၆ ရှိနေပြီ ပါပြီ။ Mr.Bellamy နဲ့ အသက် တော်တော်လေး ကွာပုံ ရပါတယ်။ သူ့ကို တချို့ကလည်း သစ်ခွစုဆောင်းသူလို့ ဖော်ပြကြတယ်။ သေချာတာကတော့ မြန်မာပြည်မှာ နှစ်ရှည်လများ နေထိုင်သွားခြင်းပါ။ သူတို့နှစ်ဦး လက်ထပ်ကြတာက ၁၉၂၁ အောက်တိုဘာ လထဲမှာပါ။

သူတို့နှစ်ဦး လက်ထပ်တာကို အသိသက်သေ ပြုပေးရသူကတော့ နာမည်ကျော် စာရေးဆရာ မောရစ်ကောလစ် ဖြစ်ပါတယ်။ လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ နှစ်ဦးစလုံးက ချောမောခန့်ညားကြသလိုပဲ သူတို့ရဲ့ သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ် အသိုင်းအဝိုင်းမှာပါ ထင်ရှားသူပါ။ သူနဲ့ မစ္စတာဘယ်လမီက မွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဘိုးအဘွားတွေရဲ့ အလှတွေစုပြီး အနောက်သွေးကလည်း တစ်ဝက်မို့ အင်မတန် လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းက ဖြစ်လို့ လူကုံထံနဲ့ အင်္ဂလိပ် အသိုင်းအဝိုင်းမှာလည်း ထင်ရှားသူတစ်ယောက် ဖြစ်ခဲ့တယ်။ ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်းမှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါတယ်။ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါတယ်။ နတ်ကပေးတဲ့ ကလေးလေး ဆိုပြီး ရတနာနတ်မယ် လို့ အမည်ပေးခဲ့တာလို့ ဆိုပါတယ်။

အခုနောက်ဆုံး သိရတာက သူမဟာ အီတလီနိုင်ငံ ဖလောရန့် မြို့မှာ Studio June Bellamy ဆိုတဲ့ Cooking School ဖွင့်ထားတာ တွေ့ရပါတယ်။ သူမဟာလည်း ကျော်ကြားတဲ့ Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးတယ်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရတယ်။

သူ့အကြောင်းကို ဒီလောက် သိနိုင်အောင်လို့ ဒီနေ့ တစ်နေ့လုံး ကြိုးစား ရှာဖွေခဲ့ရတယ်။ တခြား ပါဆင်နယ် ကိစ္စတွေကိုလည်း ကျွန်တော် မသိပါဘူး။ တခါက မြန်မာပြည်မှာ ထင်ရှားခဲ့တဲ့ သူတစ်ယောက် အဖြစ်၊ မြန်မာပြည် ဘုရင်စနစ်ရဲ့ လက်ကျန် ဆွေတော်မျိုးတော်အဖြစ် ကျွန်တော် တတ်နိုင်သမျှ သိသမျှ မှတ်တမ်း တင်ထားလိုက်တဲ့ သဘောပါ။ သူ မထုတ်ဖြစ်လိုက်တဲ့ စာအုပ်လေးတော့ ဖတ်ချင်နေမိတယ်။
http://blog.nyilynnseck.com/2008/12/yadana-nat-mai.html


0 comments: