ဒါးမြမှန်းသိနေရဲ့သားနဲ့ ပြန်လွတ်ပေးလိုက်တယ်တဲ့

ဆိုမာလီပင်လယ်ဓားပြများအား ဗြိတိန်ရေတပ်ဖမ်းဆီးနိုင်ခဲ့
Posted on Jun 04 09
ဆိုမာလီပင်လယ်ဓားပြများအား ဗြိတိန်ရေတပ်ဖမ်းဆီးနိုင်ခဲ့



ဇွန်လ(၃)ရက်နေ့က ဆိုမာလီယာ ကမ်းလွန်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ပင်လယ်ဓားပြ ရေယာဉ်နှစ်စင်းကို ဗြိတိန်ရေတပ်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အေဒင်ပင်လယ်ကွေ့အတွင်း မသင်္ကာဖွယ်ရာ စက်လှေတနှ်စ်းကို တွေ့မြင်ခဲ့ကြောင်း စပိန်နိုင်ငံပိုင် ကင်းလှည့်လေယာဉ် တစ်စင်းက ဗြိတိသျှ တော်ဝင်ရေတပ်ကို အကြောင်းကြားခဲ့ပြီးနောက် ထိုဒေသတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော HMS Portland ဖရီးဂိတ် စစ်သင်္ဘောသည် ကင်းလှည့်လေယာဉ်ပျံ အကြောင်းကြားရာ နေရာသို့ ချက်ချင်းဦးတည် ခုတ်မောင်းခဲ့သည်။

Somali

(ဆိုမာလီယာပင်လယ်ဓားပြများအား စစ်ဆင်ရေးပြုလုပ်ဖမ်းဆီးစဉ်)

ထို့အပြင် သင်္ဘောမရောက်မီကတည်းက သင်္ဘောတွင် တင်ဆောင်လာသည့် Lynxရဟတ်ယာဉ်ကို ဦးစွာစေလွှတ်ပြီး လှေနှစ်စင်း၏ လမ်းကြောင်းကို တောက်လျှောက် ခြေရာခံ လိုက်ပါစေခဲ့သည်။ အဆိုပါ လှေနှစ်စင်း ရောက်ရှိနေသည့် နေရာမှာ ဆိုမာလီယာ ပင်လယ်ဓားပြတို့ အကြီးအကျယ် သောင်းကျန်းနေသည့် ဧရိယာတွင် ပါဝင်သည်။ ပင်လယ်ဓားပြများသည် ဖြတ်သန်းသွားသမျှ ကုန်တင်သင်္ဘောနှင့် ခရီးသည်တင် သင်္ဘောများကို ဖမ်းဆီးပြီး ပြန်ပေးဆွဲမှုများ ပြုလုပ်လေ့ရှိသဖြင့် ဗြိတိသျှရေတပ်မှ လာရောက်ကင်းလှည့်နေခြင်း ဖြစ်သည်။ Lynxရဟတ်ယာဉ်တွင် စက်သေနတ်နှင့် Sniperလက်နက်များ တပ်ဆင်ထားသည့် တော်ဝင်မရိန်းတပ်သားများ လိုက်ပါသွားပြီး ထိုရေယာဉ်များကို အသင့်ချိန်ရွယ်ထားသည်။

Somali

(ဗြိတိန်ရေတပ်ထံ လက်နက်ချအဖမ်းခံရသည့် ပင်လယ်ဓားပြများ)

ရဟတ်ယာဉ်ပေါ်မှ မရိန်းတပ်သားများသည် လှေပေါ်သို့ ကြိုးများနှင့် တွယ်ဆင်းကြပြီးနောက် လှေနှစ်စင်းလုံးတွင် စက်သေနတ်များ၊ RPGလောင်ချာများနှင့် လက်ပစ်ဗုံးများ ၀ှက်ထားသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ လက်နက်အင်အားခြင်း မမျှမှန်းသိသည့် ပင်လယ်ဓားပြဂိုဏ်းသည် ဗြိတိသျှစစ်သည်များ စက်လှေကုန်းပါတ်ပေါ် ခြေချသည်နှင့် အရှုံးပေးလက်နက်ချခဲ့သည်။ လှေပေါ်တွင် ဓားပြတိုက်ရန် အသုံးပြုသော သံချိတ်တပ်ကြိုးများ၊ လှေခါးများနှင့် လောင်စာဆီများအပြင် RPGကျည်ဖူးများနှင့် စက်သေနတ်ကျည်ဆန်များကိုပါ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။ ထိုပင်လယ်ဓားပြ ဂိုဏ်းသားများကို ထိန်းသိမ်းထားပြီး ဖရီးဂိတ်စစ်သင်္ဘော ရောက်ရှိလာချိန်တွင် ၎င်းတို့အား သင်္ဘောဆီသို့ ခေါ်ဆောင်သွားသည်။

Somali

(ဗြိတိန်ရေတပ်မှ ပစ်ခတ်တိုက်ခိုက်မှု)

ထို့နောက် စက်လှေများအနက် တစ်စင်းကို အသုံးမပြုနိုင်အောင် စက်သေနတ်ဖြင့် ပစ်ခတ်ဖောက်ခွဲပစ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ပင်လယ်ဓားပြများထံမှ လက်နက်များကို သိမ်းဆည်းပြီး ပြန်လွှတ်ပေးလိုက်ရကြောင်း HMS Portlandက ကြေညာသည်။ ဤသို့ဆုံးဖြတ်ရခြင်းမှာ တော်ဝင်ရေတပ်မှ တရားဝင် ပြဌာန်းထားသည့် စည်းမျဉ်းများကြောင့်ဖြစ်ပြီး ဖရီးဂိတ်စစ်သင်္ဘောအနေနှင့် မိမိအား ရန်ပြုတိုက်ခိုက်ခြင်း မရှိသော လက်နက်ကိုင်များကို ဖမ်းဆီးခွင့် မရှိပေ။ ဖရီးဂိတ်သင်္ဘောမှ ကပ္ပတိန်ဖြစ်သူက ၎င်းတို့အနေနှင့် ထိုဒေသတွင် ပင်လယ်ဓားပြတိုက်မှု မဖြစ်အောင် ဆောင်ရွက်ရုံသာရှိကြောင်း၊ ထိုဓားပြများသည် သင်္ဘောတစ်စင်းကို တိုက်ခိုက်နေသည်ကို မမြင်သ၍ မိမိတို့အနေနှင့် ၀င်ရောက်အရေးယူ ဆောင်ရွက်ခွင့်မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။



0 comments: