နေ့လယ်ခင်းတရေးအိပ်သူများ ဖြတ်ထိုးဥာဏ်အရည်အသွေးတိုးတက်

.
Posted on Jun 29 09

အိပ်ဖို့နေရာ တော်တော်ရှားတယ်ထင်တယ်

နေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့် အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည် အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့် ဖန်တီးမှု



အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ မြင့်တက်လာစေကြောင်း သိရသည်။ လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်သော ကိုယ်တွင်းစနစ်များမှာလည်း ခေတ္တရပ်ဆိုင်းနေမည်ဖြစ်သည်။ ထို့ကြောင့် ပြန်လည်နိုးထလာရာတွင် လန်းဆန်းပြီး ဖန်တီးမှုစွမ်းရည် မြင့်တက်နေသည်ကို ပညာရှင်များက တွေ့ရှိခဲ့သည်။ ဆန်ဒီယေးဂိုးမှ သုတေသီအဖွဲကခေါင်းဆောင် ဒေါက်တာဆာရာမက်ဒ်နစ်က “ပြဿနာတစ်ခု ကြုံတဲ့အခါ ရုတ်တရတ် အကြံပေါ်လာပြီး ချက်ချင်းဖြေရှင်းနိုင်တဲ့ အနေအထားမျိုး ဘယ်အခါမှာ ပေါ်လာတတ်သလဲ ကျွန်မတို့ လေ့လာခဲ့ပါတယ်။ ဒါဟာ နေ့လယ်နေ့ခင်းအချိန်မှာ ခဏတဖြုတ် နားနားနေနေ မှိန်းနေခွင့်ရတာနဲ့ အများကြီး ဆက်နွယ်နေပါတယ်”ဟု ရှင်းပြခဲ့သည်။ “ဒါပေမယ့် ပြဿနာက ဖန်တီးမှုစွမ်းရည် အကောင်းဆုံး ဖြစ်စေနိုင်ဖို့ အချိန်ဘယ်လောက်ကြာအောင် အနားယူရမလဲဆိုတာ ကျွန်မတို့ မသိသေးတာပါပဲ”ဟုလည်း ဒေါက်တာ ဆာရာကဆိုသည်။ သုတေသီများသည် စိတ်ရှုပ်ထွေးစေမည့် ပြဿနာများကို မည်သည့်အချိန်တွင် အကောင်းဆုံး ဖြေရှင်းနိုင်မည်ကို သိရှိစေရန် အခြေအနေ အမျိုးမျိုးဖြင့် လေ့လာစမ်းသပ်ခဲ့ရာ နေ့ခင်းဘက် ခဏတာ အနားယူထားသူများသည် အခြားသူများထက် ပိုမိုလျင်မြန်စွာ အဖြေရှာနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။ လက်တွေ့စမ်းသပ်မှုများကို အဖွဲ့များခွဲပြီး ပြဿနာအမျိုးမျိုးကို ချဉ်းကပ် အဖြေရှာစေခဲ့ရာ နေ့လယ်ပိုင်း ခဏတာ အနားယူခွင့်ရရှိသူများက အခြားသော စမ်းသပ်မှု အမျိုးမျိုးကို ခံယူထားသူများထက် ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း (၄၀)မျှ ဖြေရှင်းနိုင်စွမ်း မြင့်တက်နေကြောင်း သိရသည်။ ထိုစမ်းသပ်မှု အဆင့်ဆင့်ကို အမျိုးသား သိပ္ပံအကယ်ဒမီမှ ထုတ်ဝေသော ပညာရပ်ဆိုင်ရာ ဂျာနယ်အတွင်း ထည့်သွင်းဖော်ပြထားကြောင်း သတင်းရရှိသည်။

1 comments:

khin oo may said...

မှန်တယ်။ အဆင်ပြေသလို ကျင့်သူံ့းပါတယ။်