Posted on Jun 30 09
မြေပဲသည် နှလုံးရောဂါ ကာကွယ်ရေးအတွက် ထိရောက်သော အာနိသင်ရှိသည့် သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ကြောင်း ပညာရှင်များက ထောက်ခံလိုက်သည်။ သုတေသန ရလဒ်များအရ မြေပဲ(သို့မဟုတ်) မြေပဲယိုများ မှန်မှန်စားပေးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျသွားစေကြောင်း သိရှိရသည်။ မြေပဲတွင် ပါဝင်သော ဓာတ်ပြုပစ္စည်းများသည် ကျန်းမာရေးအတွက် ဆိုးကျိုးများသော ကိုလက်စထရောပစ္စည်းများအား ချေဖျက်ပစ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။
ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ စီးဆင်းမှုကို လွယ်ကူလျင်မြန်စေပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပညာရှင်များက ဆိုသည်။ ဟားဗက်ဆေးကျောင်းမှ သုတေသီများသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုကို မြင့်မားစေသော ဆီးချိုရောဂါ အဆင့်(၂)ရှိ လူနာ(၆၀၀၀)ကျော်၏ နေ့စဉ်နေထိုင်စားသောက်မှု ပုံစံများကို စနစ်တကျ လေ့လာပြီး ယခုရလဒ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ နှလုံးဖောက်ပြန်မှုနှင့် လေဖြတ်မှုတို့ ရုတ်တရက် ဖြစ်ပွားသည့် လူနာများတွင် မြေပဲကို ပုံမှန်စားသုံးသူ အရေအတွက် အလွန်နည်းပါးပြီး မြေပဲကို နှစ်ခြိုက်စွဲမြဲစွာ စားတတ်သူများသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ သာမန်ထက် (၅၀)ရာခိုင်နှုန်းမျှ လျော့နည်းနေကြောင်း ဆရာဝန်များက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ Nutritionဆေးပညာ ဂျာနယ်အတွင်း ဖော်ပြထားမှုအရ မြေပဲတစ်အောင်စမျှ (သို့မဟုတ်) စားပွဲဇွန်း တစ်ဇွန်းစာမျှ မြေပဲယိုများကို သီတင်းတစ်ပါတ်လျင် (၅)ရက်မျှ စားသုံးပေးပါက နှလုံးရောဂါ တားဆီးနိုင်မှုကို (၄၄)ရာခိုင်နှုန်းနှင့်အထက် မြင့်တက်လာစေကြောင်း သိရှိရသည်။ ဗြိတိန်ကျန်းမာရေး ဖောင်ဒေးရှင်းမှ အီလန်မေဆင်က “ကျွန်မတို့ နေ့တိုင်းစားနေတဲ့ အစားအသောက် စာရင်းမှာ မြေပဲပါနေမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတစ်ခုတော့ သေချာပေါက် ရနေမှာပါ”ဟု ထောက်ခံခဲ့သည်။ “ဒါပေမယ့် မြေပဲကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ တချို့စားသောက်ကုန်တွေမှာ သကြားနဲ့ဆားကို တော်တော်များများ သုံးထားတတ်တဲ့အတွက် Labelကို အရင်ဆုံး စစ်ဆေးဖို့တော့ လိုပါလိမ့်မယ်။ နောက်ပြီး မြေပဲဟာ ကယ်လိုရီများတဲ့ အစားအစာတစ်ခု ဖြစ်တယ်ဆိုတာလည်း မမေ့သင့်ပါဘူး”ဟုလည်း မေဆင်က သတိပေးခဲ့သည်။ ထို့အပြင် အစားအသောက်ကို ချင့်ချိန်စားသုံးတတ်သည့် အလေ့အထ မရှိဘဲ မြေပဲကို တရားလွန် စားသောက်ခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးဘက် ဦးတည်သွားစေနိုင်ကြောင်း မေဆင်က ပြောဆိုသွားသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment