အစ္စရေးတို့နှင့် အဆက်အသွယ်ရှိကြောင်း မသင်္ကာသဖြင့် ပါလက်စတိုင်း လူငယ်တစ်ဦးကို ဖခင်က ကြိုးပေးသတ်ဖြတ်လိုက်ကြောင်း သိရသည်။ ပါလက်စတိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အက်ဒါနန် ဒီမီရီက ၎င်းတို့သည် အသက်(၁၅)နှစ်အရွယ် အမျိုးသား အလောင်းကို တွေ့ရှိခဲ့ပြီး ၎င်း၏ ဆွေမျိုးများက အစ္စရေး တပ်မတော်အတွက် အလုပ်လုပ်ပေးနေသည်ဟု ယူဆသဖြင့် ယခုလို ဒဏ်ခတ်လိုက်ခြင်းဟု ၀န်ခံခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားသည်။ ထိုကိစ္စတွင် လူငယ်၏ အစ်ကိုဝမ်းကွဲနှင့် ဦးလေးတော်စပ်သူတို့လည်း အလိုတူအလိုပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒီမီရီက ပြောဆိုခဲ့သော်လည်း အသတ်ခံရသူ လူငယ်၏ အမည်နှင့် ၎င်း၏ မိသားစုဆိုင်ရာ အချက်အလက် အသေးစိတ်ကိုမူ ပြောမသွားခဲ့ချေ။ ဇွန်လ(၁၂)ရက်နေ့က အနောက်ဘက် ကမ်းခြေမြို့ ကွာကွီလီယာအနီး ဟာဂျက်ရွာတွင် လူငယ်၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုဒေသသည် အစ္စရေးတို့၏ ကမ္ဘာ့ရန် ဟားမတ်စ်တို့အား ထောက်ခံသူတို့၏ အုံကြွမှုကြောင့် မကြာသေးမီကမှ ရဲတပ်ဖွဲ့က လူစုခွဲ နှိမ်နင်းထားရသော နေရာလည်းဖြစ်သည်။ ထို့အပြင် မိသားစုချင်း သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ရာ အစဉ်အလာလည်း ရှိနေသည့် ဘူမိနက်သန်ဖြစ်သည်။ လွန်ခဲ့သော (၂)နှစ်အတွင်း ထိုဒေသနေ ပါလက်စတိုင်း (၃၀)ကျော်မျှသည် အစ္စရေးတို့အတွက် သူလျှိုလုပ်ပေးမှုဖြင့် သေဒဏ် ချမှတ်ခံခဲ့ကြရသည်။ မကြာသေးမီကပင် အသက်(၂၂)နှစ်အရွယ် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးသည် အစ္စရေးတပ်မတော်အတွက် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ပေးသည်ဟုဆိုကာ သေဒဏ်ပေးခဲ့သည်။ ထိုအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူက သူမအား အတင်းအကြပ် ကွာရှင်းကာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေသဖြင့် ပါလက်စတိုင်း လူ့အဖွဲ့အစည်းအပေါ် စိတ်နာနေသူလည်းဖြစ်သည်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်မှာ ထိုကိစ္စနှင့် ကွဲလွဲမှုများ ရှိနေပြီး အစ္စရေး သတင်းပေးအဖြစ် စွပ်စွဲခံရပြီး ကြိုးပေးသတ်ဖြတ်ခံရသူ အမျိုးသားလေးမှာ အသက်(၁၅)နှစ်သာ ရှိသေးသဖြင့် မှားယွင်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
http://www.planet.com.mm/news/read.cfm/id/12778
0 comments:
Post a Comment