အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် လေတပ်အတွက် F-35 Lightning IIတိုက်လေယာဉ်များ အလျင်အမြန် ထုတ်လုပ်သွားရန် တောင်းဆိုလျက်ရှိကြောင်း ကမ္ဘာကျော် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Lockheed Martinက ပြောကြားလိုက်သည်။ ပင်တာဂွန် စစ်ဌာနချုပ်သည် လက်ရှိကမ္ဘာ့အကောင်းဆုံး တိုက်လေယာဉ်အဖြစ် သတ်မှတ်ခံထားရသည့် အမေရိကန်လေတပ်မှ အဆင့်မြင့် F-22 Super Raptorများ ထုတ်လုပ်နေမှုအား ဆိုင်းငံ့ပြီး F-35အတွက် သုတေသန လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် လေယာဉ်ကုမ္ပဏီကြီးကဆိုသည်။
(F-22တိုက်လေယာဉ်)
F-35များကို မူလက (၂၀၁၆)ကျမှ စတင်အသုံးချသွားရန် အမေရိကန်အစိုးရက စီစဉ်ထားခဲ့သော်လည်း ယခုအခါ (၅)နှစ်အတွင်း F-35များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းစေလိုကြောင်း တောင်းဆိုလာခဲ့သည်ဟု Lockheed Martinမှ အမှုဆောင် မက်စတီဖန်ဆန်က ပြောကြားခဲ့သည်။ ကုမ္ပဏီအနေနှင့် အမေရိကန်အစိုးရ၏ ပြောင်းလဲသွားသော မူဝါဒအတိုင်း ဆောင်ရွက်ပေးသွားရန် ပြင်ဆင်နေကြောင်းလည်း မက်ကဆိုသည်။
(F-35တိုက်လေယာဉ်)
အစိုးရအနေနှင့် လက်ရှိအသုံးပြုနေသော အသံတိတ်တိုက်လေယာဉ် F-22များ ထုတ်လုပ်မှုကိုပင် လျှော့ချပြီး F-35များ လျင်လျင်မြန်မြန် ထုတ်လုပ်လာစေရန် တိုက်တွန်းနေရခြင်း၏ အကြောင်းရင်းကို မသိရှိပါကြောင်းလည်း Lockheed Martinကုမ္ပဏီက ကြေညာသည်။ လက်ရှိအနေအထားအရ F-22များ ထုတ်လုပ်နေသည့် လုပ်ငန်းခွင်တွင် အလုပ်သမား (၁၈၀၀၀)လုပ်ကိုင်နေပြီး F-35သုတေသန လုပ်ငန်းအတွက် ၀န်ထမ်း(၄၅၀၀)ကိုသာ အသုံးပြုထားသော်လည်း နောက်ပိုင်းတွင် လုပ်ငန်းဌာန ပြောင်းရွှေ့မှုများ ဖြစ်လာနိုင်ကြောင်း မက်က အရိပ်အမြွက် ပြောဆိုခဲ့သည်။ Lockheed Martin၏ အဆိုအရ F-35သည် စမ်းသပ်ပျံသန်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နောက်ထပ်အဆင့်မြှင့်တင်မှုများ ကြီးကြီးမားမား ပြုလုပ်သွားဦးမည်ဟု သတင်းရရှိသည်။
0 comments:
Post a Comment