ဆီချွမ်ငလျင်နှစ်ပတ်လည် အခမ်းအနားသို့ သမ္မတဟူကျင်တောင်တက်ရောက်

သန်းရွှေနာဂစ်နစ်ပါတ်လည် လိုက်လုပ်အုံးမလားမသိဘူး

Posted on May 12 09
ဆီချွမ်ငလျင်နှစ်ပတ်လည် အခမ်းအနားသို့ သမ္မတဟူကျင်တောင်တက်ရောက်

တရုတ်နိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံး သဘာဝဘေးဆိုးကြီးအဖြစ် ကြုံတွေ့ခဲ့ရသည့် ဆီချွမ်ငလျင်ကြီး နှစ်ပတ်လည် ၀မ်းနည်းကြေကွဲခြင်း အခမ်းအနားသို့ တရုတ်သမ္မတ ဟူကျင်တောင်၊ ဒုတိယသမ္မတ လီကီကွင်းနှင့် အခြားသော အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ မေလ(၁၂)ရက်နေ့၊ နေ့လည်ခင်းက ဆီချွမ်ဒေသရှိ ၀မ်ချောင်းခရိုင်၊ ယင်ဆူမြို့တွင် ကျင်းပသော ကြေကွဲဖွယ် နှစ်ပတ်လည် အခမ်းအနားသည် ယမန်နှစ်က ဖြစ်ပွားခဲ့သည့် ငလျင်ကြီးအတွင်း သေဆုံးခဲ့ရသူ (၉၀၀၀၀)ကျော်တို့အား ရည်စူးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတက်ရောက်လာသူများသည် ငလျင်ကြီးစတင်လှုပ်ခတ်သည့် ဘေဂျင်းစံတော်ချိန် (၂း၂၈)နာရီတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်ပြီး ၀မ်းနည်းကြေကွဲမှုကို ပြသခဲ့ကြသည်။



(တရုတ်သမ္မတ ဟူကျင်တောင်)

သမ္မတဟူကျင်တောင်သည် အခမ်းအနားတွင် ၀မ်းနည်းကြေကွဲကြောင်း မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ငလျင်ကြောင့် ယိုင်နဲ့သွားသည့် အထိန်းအမှတ် နံရံကြီးသို့လည်း သွားရောက်ပြီး သေဆုံးသွားသူများအတွက် လွမ်းသူ့ပန်းခွေများ ထားရှိခဲ့သည်။ သမ္မတကြီးသည် ၀မ်းနည်းမှုကို ဖော်ကျူးသည့် အနက်ရောင် ပွဲတက်ဝတ်စုံကို ၀တ်ဆင်ထားပြီး သဘာဝဘေးကြီးအတွက် အလွန်ဝမ်းနည်းမိပါကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုခဲ့သည်။



(အခမ်းအနားတက်ရောက်လာသည့် တရုတ်အစိုးရ အဖွဲ့ဝင်များ)

တရုတ်အစိုးရအနေနှင့် ငလျင်ကြီးပြီးကတည်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ပြည်သူများအနေနှင့် စိတ်ဒဏ်ရာများ ကျန်ရှိနေဦးမည်ကို ကိုယ်ချင်းစာပါသည်ဟုလည်း ဟူကဆိုသည်။ ဟူ၏ ကြေကွဲခြင်းမိန့်ခွန်းအား စစ်ဘက်ဆိုင်ရာ အရာရှိများ၊ နိုင်ငံတကာမှ ကိုယ်စားလှယ်များနှင့် ပြည်သူများက တလေးတစား နားထောင်ခဲ့ကြသည်။ ယခုအခါ တရုတ်နိုင်ငံသည် ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူ (၆)သန်းခန့်အား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီး ပြည်သူများအနေနှင့်လည်း အစိုးရနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြပါရန် သမ္မတကြီးက ဖိတ်ခေါ်ခဲ့သည်။



(အခမ်းအနားကျင်းပစဉ်)

တရုတ်ပြည်သူ တစ်ရပ်လုံးသည် ဆီချွမ်ငလျင် ဖြစ်ရပ်ဆိုးကြီး၏ အရိပ်အောက်မှ ရုန်းထွက်လာပြီးနောက် သဘာဝဘေးကြောင့် သေကြေမှုများကို လျှော့ချနိုင်ရန် ကြိုတင်ကာကွယ်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လာကြောင်း၊ နိုင်ငံတကာမှ လူသားချင်း စာနာမှုအဖွဲ့များ၏ အကူအညီများအတွက်လည်း တရုတ်ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်း ကြေကွဲဖွယ်အခမ်းအနား မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

http://www.planet.com.mm/news/read.cfm/id/12448



0 comments: