စိတ်အတွေးဖြင့် ထိန်းချုပ်စေခိုင်းနိုင်မည့် ဘီးတပ်ကုလားထိုင် တီထွင်စမ်းသပ်

.
Posted on May 09 09
စိတ်အတွေးဖြင့် ထိန်းချုပ်စေခိုင်းနိုင်မည့် ဘီးတပ်ကုလားထိုင် တီထွင်စမ်းသပ်

စပိန်နိုင်ငံမှ သိပ္ပံပညာရှင်များက စိတ်အတွေးဖြင့် ထိန်းချုပ်နိုင်သည့် ဘီးတပ်ကုလားထိုင်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း သိရသည်။ ထိုကုလားထိုင်ကို စမ်းသပ်နေမှုသည် စိတ်ကျေနပ်စရာ အကောင်းဆုံး အနေအထားထိ ရောက်ရှိနေပြီဟု စပိန်နိုင်ငံ ဇာရာဂိုဇာတက္ကသိုလ်မှ ဒေါက်တာဂျာဗီးယား မန်ဂက်ဇ်က ပြောကြားခဲ့သည်။ ထိုကုလားထိုင်ကို (၄၅)မိနစ်မျှ ဘေးကင်းစွာနှင့် သက်တောင့်သက်သာ စမ်းသပ်ကြည့်ပြီးလျင် မည်သို့မည်ပုံ အသုံးချရမည်ကို သေသေချာချာ သဘောပေါက်သွားမည်ဟု ဒေါက်တာမန်ဂက်ဇ်က ဆိုသည်။ ဘီးတပ်ကုလားထိုင်သည် မသန်စွမ်းသူများ၏ ဘ၀အခြေအနေကို တမျိုးတဖုံ ပြောင်းလဲသွားစေမည်ဟု မန်ဂက်ဇ်က မျှော်လင့်ထားသည်။ ကုလားထိုင်တွင် ပတ်ဝန်းကျင်ရှိ သုံးဖက်မြင် ရုပ်လုံးကြွ အရာဝတ္ထုများအားလုံးကို အလိုအလျောက်မှတ်သားထားသည့် လေဆာScannerတစ်ခုပါရှိပြီး ကုလားထိုင်ပေါ် ထိုင်နေသည့် လူ၏ဦးခေါင်းတွင် တပ်ဆင်ထားသည့် အာရုံခံကရိယာမှတဆင့် ဦးနှောက်မှ တွေးခေါ်နေသည့် စိတ်ကူးများကို လှိုင်းများအဖြစ် ပြောင်းလဲကာ လိုအပ်သလို ထိန်းချုပ်နိုင်ရန် စီမံပေးထားသည်။

Wheelchair

(ဘီတပ်ကုလားထိုင် အလုပ်လုပ်ပုံအဆင့်ဆင့် သရုပ်ဖော်ပုံ)

ထိုကုလားထိုင်သည် Remote Control တစ်ခုကိုပင် အသုံးမပြုနိုင်လောက်အောင် နာမကျန်းဖြစ်နေသည့် လူနာများအတွက် အလွန်အသုံးဝင်မည်ဖြစ်သည်။ ကုလားထိုင်၏ လှုပ်ရှားမှု၊ သွားလာမှုအားလုံးကို စိတ်အတွေးဖြင့်ပင် ကြိုက်သလို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုဘီးတပ်ကုလားထိုင်သည် နည်းပညာအရ လမ်းသစ်ဖောက်မှုတစ်ခုပင်ဖြစ်ကြောင်း မန်ဂက်ဇ်က ပြောကြားခဲ့သည်။ “ခုထိတော့ စမ်းသပ်ပြီးသမျှ အဆင်ပြေနေတာပါပဲ။ ဒီထက်ပိုပြီး ဘာတွေကောင်းအောင် လုပ်နိုင်မလဲဆိုတာ ကျွန်တော်စစ်ဆေးနေပါတယ်”ဟု ၎င်းကဆိုသည်။ မန်နက်ဇ်သည် ယခုအခါတွင် အဆိုပါထိုင်ခုံကို ရောင်းတန်းဝင်အဖြစ် စီးပွားဖြစ်ထုတ်လုပ်သွားရန် စီစဉ်နေသည်။ ထိုကုလားထိုင်သည် စိတ်အတွေးစွမ်းအင်ဖြင့် ထိန်းချုပ်နိုင်သော ကိရိယာများအနက် နောက်ဆုံးတီထွင်မှုတစ်ခုဖြစ်လာပြီး ပြီးခဲ့သောလက မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်သော Hondaသည် စက်ရုပ်တစ်ရုပ်ကို စိတ်ဖြင့်ထိန်းချုပ်နိုင်သည့် ဦးထုပ်တစ်မျိုးကို တီထွင်ခဲ့သေးကြောင်း သတင်းရရှိသည်။



0 comments: