ရှားရှားပါးပါး ကျီးကန်းဖြူ စစ်တွေတွင် ဖမ်းဆီးရမိ

5/17/2009

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည် စစ်တွေမြို့တွင် အလွန်တရာမှ ရှားပါးသော ကျီးကန်းဖြူတကောင်ကို များမကြာမှီက ဖမ်းဆီး ရရှိခဲ့သည်ဟု ဒေသခံ စစ်တွေမှ လူကြီး တဦးက ပြောသည်။

သူက “ဖမ်းမိတာကတော့ စစ်တွေမြို့ တက္ကသိုလ်ရှေ့မှာ ရှိတဲ့ ပင်လယ် ကဗွီးပင်ပေါ်က ကျီးကန်း အသိုက် အတွင်းမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကောင်က အတောင်မစုံသေးတဲ့ အရွယ်ဖြစ်လို့ မပျံနိုင်သေးပါဘူး။ ကျီးမဆီက အစာတောင်းနေတဲ့ အခါ အနီးအနားက လူတွေ မြင်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကျီးကန်း အားလုံးမှာ အမဲရောင် ဖြစ်သဖြင့် ယခုကဲ့သို့ ကျီးကန်း အဖြူ တကောင်ကို တွေ့ရှိရသဖြင့် စစ်တွေ လူထုအတွင်း အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။

အမည် မဖေါ်လိုသူ မျက်မြင် လူငယ်တဦးကလည်း “ကျနော့် ဘ၀ သက်တမ်း တလျောက်မှာ ခုလို အဖြူရောင် ကျီးကန်း ဖြူကို မမြင်ဘူးပါ။ ကျနော် ကိုယ်တိုင် မယုံကြည်တာနဲ့ သူငယ်ချင်းတွေ သွားကြည့်တော့ တကယ့် ကျီးဖြူအစစ်ကို တွေ့ရတော့ တော်တော် အံ့သြမိပါတယ်” ဟု ပြောသည်။

တခြား လူငယ် တဦးကလည်း “ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဆိုတာ တော်တော် အထူးအဆန်း ပေါတဲ့ ဒေသ တခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကလည်း မေယူ တောင်တန်းက ဆင်ဖြူနှစ်ကောင်ကို ဖမ်းမိပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီဆင်ဖြူနှစ်ကောင်ကို နအဖ စစ်အာဏာပိုင်တွေက ဗမာပြည်ကို ယူသွားပါတယ်။ ခုလည်း ထူးဆန်းတဲ့ ကျီးကန်းဖြူဆိုပြီး ရန်ကုန်ကို ယူသွားနိုင်ပါတယ်။” ဟု ပြောသည်။

တခြား အရပ်လူကြီး တဦးကလည်း “ဒီလို ကျီးကန်းဖြူ မျိုးဆိုတာ မြင်ရဖို့ ခက်ခဲပါတယ်။ ဦးလေးတို့စစ်တွေမှာ ကျီးကန်းဖြူ မတွေ့ရတာ အတော်ကိုကြာသွားပါပြီ။” ဟုပြောသည်။

အဆိုပါ ကျီးကန်းဖြူကို လူတဦးမှ မွေးစားရန် ယူသွားသဖြင့် ယခုအခါ အဆို ကျီးကန်းဖြူ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရပါကြောင်း စစ်တွေမြို့မှ အရပ်လူကြီးက ပြောသည်။


0 comments: