A(H1N1)ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု WHO၏ နောက်ဆုံးထုတ်ပြန်ချက်


Posted on May 13 09
A(H1N1)ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု WHO၏ နောက်ဆုံးထုတ်ပြန်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က မေလ(၁၃)ရက်နေ့အထိ A(H1N1)ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ (၅၀၀၀)ကျော်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ယနေ့နောက်ဆုံး ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှမှ ထိုင်းနိုင်ငံတွင်လည်း A(H1N1)ဗိုင်းရပ်စ် ကူးစက်ခံရသူ(၂)ဦး တွေ့ရှိရကြောင်း သိရသည်။ ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် အဆိုပါရောဂါ ကူးစက်ခံရသူ (၅၇၂၈)ဦးရှိပြီဖြစ်ပြီး နိုင်ငံပေါင်း(၃၃)တွင် A(H1N1)ဗိုင်းရပ်စ် ပြန့်နှံ့နေပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက နိုင်ငံအတွင်း H1N1ဖြစ်ပွားနေသူ (၃၀၀၉)ရှိပြီဖြစ်ကြောင်း အတည်ပြုခဲ့သလို (၃)ဦးသေဆုံးကြောင်း ကြေညာခဲ့သည်။ မက္ကစီကိုကမူ နိုင်ငံအတွင်း (၂၀၅၉)ဦးမှာ ထိုရောဂါ ကူးစက်ခံနေရကြောင်း ဓာတ်ခွဲစစ်ဆေးမှုများအရ ဖော်ထုတ်နိုင်ခဲ့ပြီး A(H1N1)ဗိုင်းရပ်စ် ဖြင့် သေဆုံးသူဦးရေမှာ (၅၆)ဦးရှိကြောင်း ပြောကြားခဲ့သည်။ ကနေဒါတွင် (၃၅၈)ခန့် ရောဂါကူးစက်ခံရပြီး (၁)ဦးသေဆုံးသည်။ ကော့စတာရီကာတွင် H1N1ကူးစက်ခံရသူ (၈)ဦးကို တွေ့ရှိခဲ့ပြီး (၁)ဦးသေဆုံးသွားပြီဟု သိရသည်။



(WHOမှ မေလ ၁၃ရက်နေ့တွင် ထုတ်ပြန်သည့် ကမ္ဘာတဝှမ်း A(H1N1)ကူးစက်ပြန့်နှံ့မှု ဖော်ပြချက်မြေပုံ)

A(H1N1)ဗိုင်းရပ်စ် ပြန့်နှံ့ရောက်ရှိနေသော်လည်း လူသေဆုံးမှု မရှိသေးသည့် နိုင်ငံများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ (ကွင်းထဲမှ အရေအတွက်သည် ကူးစက်ခြင်းခံရသူ ဦးရေကို ဖော်ပြထားခြင်းဖြစ်သည်။)

အာဂျင်တီးနား (၁)၊ ဩစတြေးလျ (၁)၊ ဩစတြီးယား (၁)၊ ဘရာဇီးလ် (၈)၊ တရုတ် (၂)

ဟောင်ကောင် (၁)၊ ကိုလံဘီယာ (၆)၊ ကမ္ဘောဒီးယား (၃)၊ ဒိန်းမတ် (၁)၊ အယ်လ်ဆာဗေးဒို (၄)

ပြင်သစ် (၁၃)၊ ဂျာမနီ (၁၂)၊ ဂွာတီမာလာ (၁)၊ အိုင်ယာလန် (၁)၊ အစ္စရေး (၇)

အီတလီ (၉)၊ ဂျပန် (၄)၊ နယ်သာလန် (၃)၊ နယူးဇီလန် (၇)၊ နော်ဝေး (၂)

ပနားမား (၂၉)၊ ပိုလန် (၁)၊ ပေါ်တူဂီ (၁)၊ တောင်ကိုရီးယား (၃)၊ စပိန် (၉၈)

ဆွီဒင် (၂)၊ ဆွစ်ဇာလန် (၁)၊ ဗြိတိန် (၅၅)၊ ထိုင်း(၂)

A(H1N1)ဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုမှာ ဆက်လက်တိုးပွားနေသော်လည်း WHOက ကမ္ဘာ့ကပ်ရောဂါအဆင့်ဖြစ်သည့် အဆင့်(၆)သို့ တိုးမြှင့်သတ်မှတ်ခြင်း မရှိသေးပေ။ WHOက နိုင်ငံတကာ အစိုးရများအနေနှင့် A(H1N1)ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။




0 comments: