သမ္မတလေယာဉ်ကြောင့် နယူးယော့ခ်မြို့တွင် အထိတ်တလန့်ဖြစ်ကြရ

http://www.planet.com.mm/news/read.cfm/id/12360
Posted on Apr 29 09
သမ္မတလေယာဉ်ကြောင့် နယူးယော့ခ်မြို့တွင် အထိတ်တလန့်ဖြစ်ကြရ

(၉/၁၁)အကြမ်းဖက်တိုက်ခိုက်မှုကြီးအပေါ် ယနေ့တိုင် ကမ္ဘာက မမေ့နိုင်သေးပါ။ ထိုဖြစ်ရပ်ဆိုးကြီးနှင့် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရသော အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တော်သူ မြို့တော်သားများအဖို့ မြို့တော်နယ်နိမိတ်ပေါ်တွင် ခပ်နိမ့်နိမ့်ပျံသန်းနေသော ဂျက်လေယာဉ်ကြီးများကိုမြင်တိုင်း စိတ်ထဲတွင် သွေးပျက်နေလေ့ရှိသည်မှာ ယခုတိုင်ပင်ဖြစ်သည်။ အလွန်နိမ့်ဆင်း ပျံသန်းလာသော ဘိုးအင်း(၇၄၇) ခရီးသည်တင် ဂျက်လေယာဉ်ကြီးတစ်စင်းနောက်မှ အမေရိကန်လေတပ် F-16ဂျက်တိုက်လေယာဉ်တစ်စင်းက လိုက်ပါပျံသန်းလာသည်ကို မြင်သောအခါ အထိတ်ထိတ်အလန့်လန့်နှင့် ကြောက်ရွံ့ကုန်ကြသည်မှာ ဆန်းကျယ်သော ကိစ္စတစ်ခုမဟုတ်ချေ။

air force one

(နယူးယော့ခ်မြို့ရှိ တိုက်တာအဆောက်အဦကြီးများ အပေါ်မှ ပျံသန်းသွားသည့် Air Force One)

ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက အနိမ့်ပျံသန်းလာသည့် ဂျက်လေယာဉ်ကြီးကြောင့် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြသည်။ မြို့သူမြို့သားများ အတော်များများသည် ထိုလေယာဉ်ကြီးအား အကြမ်းဖက်သမားများက အပိုင်စီးပြီး မြို့လယ်အဆောက်အအုံ တစ်ခုခုကို ၀င်တိုက်ရန် ကြံစည်နေသဖြင့် F-16တိုက်လေယာဉ်က ချေမှုန်းရန် နောက်ယောင်ခံလိုက်လာခြင်းဟု ယုံကြည်ခဲ့ကြသည်။ အချို့က ဆိုင်များနှင့် အလုပ်များကိုပင်ပိတ်ပြီး လေယာဉ်သည် မည်သည့်အဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်မည်ကို စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြသည်။ ဂျက်တိုက်လေယာဉ်ကြီးသည် ဗီရာဇာနိုတံတားကြီးပေါ်မှ ဖြတ်ကျော်ကာ လေဘာတီရုပ်တုကြီးအနီးမှတစ်ဆင့် နယူးယော့ခ်မြို့တော် အဆောက်အအုံများ၏ အမိုးများနှင့်နီးကပ်စွာ ဖြတ်ကျော်ပျံသန်းပြီး ပျောက်ကွယ်သွားတော့မှ မြို့နေလူထုမှာ သက်ပြင်းချနိုင်တော့သည်။

air force one

(နယူးယော့ခ်မြို့ကောင်းကင်ယံမှ ပျံသန်းသွားသည့် Air Force One)

သို့သော်လည်း အဖြစ်မှန်ကို သေချာသိလာချိန်တွင် စိုးရိမ်ကြောင့်ကြခဲ့သော နယူးယော့ခ်လူထုမှာ ဒေါသထွက်ကြရကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ခေါင်မိုးများနှင့်ကပ်ပြီး ပျံသန်းသွားသည့် ခရီးသည်တင်လေယာဉ်ကြီးသည် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား လိုက်ပါစီးနင်းလေ့ရှိသည့် Air Force One လေယာဉ်ကြီးတစ်စင်းသာဖြစ်ပြီး မြို့ပေါ်တွင် အစမ်းလေ့ကျင့် ပျံသန်းခြင်းသာဖြစ်ကြောင်း သတင်းများက ဖော်ထုတ်ရေးသားခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုလေယာဉ်ပေါ်တွင် အိုဘားမား လိုက်ပါသွားခြင်းမရှိကြောင်းလည်း သိရှိရသည်။ သို့သော်လည်း ထိုသို့ပျံသန်းမှုမျိုး ပြုလုပ်ပါက မြို့နေလူထုကို ကြိုတင်သတင်းထုတ်ပြန်ပေးရမြဲ အစဉ်အလာရှိခဲ့သော်လည်း ယခုခရီးစဉ်ကိုမူ ကြေညာထားခြင်း မရှိသဖြင့် လူအများ ထိတ်လန့်ခဲ့ရခြင်းဖြစ်သည်။



(အနောက်ဘက်တွင် ဂျက်တိုက်လေယာဉ်တစ်စင်း လိုက်ပါလာသည့် Air Force One)

နယူးယော့ခ်မြို့တော် အုပ်ချုပ်ရေးအာဏာပိုင်များက ၎င်းတို့အနေနှင့် ထိုခရီးစဉ်အတွက် ပြည်သူများကို ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ ထို့အပြင် နိုင်ငံလေကြောင်းပျံသန်းမှု တာဝန်ရှိသူများက ၎င်းတို့အား ထိုသတင်းကို မကြေညာရန် တားမြစ်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း နောက်ထပ်အသေးစိတ် အချက်အလက်များကို ပြောဆိုရန် မြို့တော်အုပ်ချုပ်ရေးကောင်စီနှင့် နယူးယော့ခ်ရဲတပ်ဖွဲ့တို့က ငြင်းဆန်ခဲ့သည်။ ယခုကဲ့သို့ ကြိုတင်ကြေညာခြင်းမရှိဘဲ သမ္မတလေယာဉ် အစမ်းပျံသန်းမှုကြောင့် (၉/၁၁)ဖြစ်ရပ်အတွက် ယခုတိုင်သွေးလန့်နေဆဲဖြစ်သည့် ပြည်သူများအား စိတ်ဓာတ်ခြောက်ခြားစေခဲ့ကြောင်း နယူးယော့ခ်မြို့ခံလူထု မကျေမနပ်ဖြစ်နေသည်ဟု သတင်းရရှိသည်။



0 comments: