
ရေငုပ်သမားတစ်ဦးသည် ၎င်း၏မိတ်ဆွေကို ကာကွယ်နိုင်ရန် အရှည်(၁၂)ပေရှိသော ဧရာမ ငါးမန်းကြီးတစ်ကောင်ကို ဓားမြှောင်တစ်ချောင်းဖြင့် တိုက်ခိုက်ပြီး အသေသတ်ခဲ့ကြောင်း သိရသည်။ နှစ်နာရီမျှ ကြာမြင့်သော တိုက်ပွဲအတွင်း တကျော့ပြီးတကျော့ ရန်မူလာသည့် ကျားငါးမန်းကြီးကို ဓားမြှောင်ဖြင့် ထိုးခဲ့ကြောင်း ရေငုပ်သမား ကရိတ်ဂ်ျကယ်လ်ဆန်က ဆိုသည်။ မက္ကစီကို ပင်လယ်ကွေ့အတွင်း ကျက်စားလေ့ရှိသည့် အမြီးဝါ ငါးသလောက်များ၏ သဘောသဘာဝကို မှတ်တမ်းတင်နိုင်ရန် ကယ်လ်ဆန်နှင့်အတူ တံငါသည်တစ်ဦးဖြစ်သည့် ကင်မရွန်ကစ်ကော်နယ်လ်၊ ဓာတ်ပုံဆရာ ဒီဂျေစထရော့ဇ်၊ ဗီဒီယိုရိုက်ကူးသူ ရိုင်ယန်မက်ကလင်းနစ်တို့ အတူတကွ ရေငုပ်ကြစဉ် ယခုကဲ့သို့ ကျားငါးမန်းကြီး၏ ရန်ပြုမှုကို ကြုံခဲ့ရခြင်းဖြစ်သည်။ မစ္စစ္စပီတောင်ပိုင်း မြစ်ဝကျယ်အတွင်း ပင်လယ်ရေနက်ပိုင်းသို့ ငုပ်လျိုးကြစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဟု အသက်(၃၂)နှစ်အရွယ် ကယ်လ်ဆန်က ရှင်းပြခဲ့ပြီး ထိုစဉ်က ကျားငါးမန်းကြီး ဦးတည်ရန်ပြုမှုနှင့် ကြုံခဲ့ရသူမှာ ဗီဒီယိုရိုက်ကူးသူ မက်ကလင်းနစ်ဟု သိရသည်။ ကြီးမားသော သားစားသတ္တ၀ါကြီး ၎င်းထံတိုးဝင်လာချိန်မှာပင် ကယ်လ်ဆန်က ကြားမှဝင်ရောက် ကာကွယ်ပေးခဲ့သည်ဟု မက်ကလင်းနစ်က ပြန်လည်ပြောပြခဲ့သည်။ ၎င်းက ကယ်လ်ဆန်နှင့်အတူ ရေအောက်သို့ ငုပ်စဉ်က ငါးမန်းများနှင့် မကြာခဏ တွေ့ဆုံဖူးသော်လည်း ယခုကဲ့သို့ ရန်ပြုမှု လုံးဝမကြုံဖူးကြောင်း ပြောကြားခဲ့သည်။

ကယ်လ်ဆန်၏ အဆိုအရ ၎င်းနှင့် မက်ကလင်းနစ်တို့နှစ်ဦးသည် ရေအောက်တွင် ငါးမန်းများနှင့် နီးနီးကပ်ကပ် တွေ့ဆုံမှု အကြိမ်(၅၀)မှ (၁၀၀)အကြား ရှိဖူးသော်လည်း ယခုလိုဖြစ်ရပ်မျိုး မဖြစ်ပွားဖူးကြောင်း သိရသည်။ ကယ်လ်ဆန်သည် ပါလာသောမှိန်းများဖြင့် ငါးမန်းကြီးအား (၅)ကြိမ်တိတိ ထိုးနှက်ပြီးချိန်တွင် အသက်ပြင်းသလောက် ရက်စက်ကြမ်းကြုတ်သော သတ္တ၀ါကြီးအား ဓားမြှောင်ရှည် တစ်ချောင်းတည်းဖြင့်သာ ရင်ဆိုင်ရတော့သည်။ ငါးမန်းကြီးသည် ပထမဆုံးအကြိမ် ပါးဟက်တွင် မှိန်းတစ်ချောင်း အစိုက်ခံရပြီးနောက် ၎င်းတို့လူစုကို ပတ်ချာလှည့် ချောင်းမြောင်းနေပြီး အမှတ်မထင် ၀င်ရောက်တိုက်ခိုက်နေခဲ့ကြောင်း ကယ်လ်ဆန်က ရှင်းပြခဲ့သည်။ ထိုငါးမန်းကြီးသည် အစာရှာရင်း ၎င်းတို့လူစုနှင့် တိုးခဲ့ဟန်ရှိပြီး ပထမဆုံး မှိန်းဒဏ်ခံရပြီးနောက် ၎င်းကိုသာ ပစ်မှတ်အဖြစ် တိုက်ခိုက်လာကြောင်း ကယ်လ်ဆန်.က ပြန်လည်ပြောပြခဲ့သည်။ နှစ်နာရီနီးပါး ကြာမြင့်သော ရေအောက်သတ်ပုတ်ပွဲတွင် ကယ်လ်ဆန်ကိုယ်တိုင် အားအင်ကုန်ခမ်းနေခဲ့သော်လည်း သတ္တ၀ါဆိုးကြီးကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။ ၎င်းတို့သည် မှိန်းကြိုးများ ခေါင်းနှင့်အမြီးတွင် ငြိနေသော ငါးမန်းကြီးကို လှေပေါ်ဆွဲတင်လာခဲ့ပြီး ဆိပ်ကမ်းသို့ သယ်ယူလာခဲ့ကြသည်။ ရေအောက်တွင် ကယ်လ်ဆန်နှင့် ငါးမန်းကြီး သတ်ဖြတ်နေမှုအား ၎င်း၏မိတ်ဆွေများက ရင်တထိတ်ထိတ် စောင့်ကြည့်နေရင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ကယ်လ်ဆန်သည် တိုက်ခိုက်မှုအတွင်း ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့ခြင်း မကြုံခဲ့ပေ။ အဏ္ဏ၀ါဗေဒ ပညာရှင်များက ကယ်လ်ဆန်တို့အား ရန်ပြုခဲ့သည့် ကျားငါးမန်းမျိုးနွယ်များသည် သာမန်အားဖြင့် လူကိုတိုက်ခိုက်လေ့ မရှိတတ်ကြောင်း ပြောကြားသွားသည်။
0 comments:
Post a Comment